ဟားမားစ် ပြောက်ကျားတွေ ဆီကနေ ထိုင်းနိုင်ငံသား ဓားစာခံ တစ်ဦးရဲ့ အလောင်းကို လက်ခံ ရရှိခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့ပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကနေတဆင့် ဟားမားစ်တွေက ဓားစာခံ ရုပ်အလောင်း တစ်ခုကို လွှဲပြောင်းပေးခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် အဲဒီအလောင်းဟာ ထိုင်းနိုင်ငံသား အသက် ၄၃ နှစ်အရွယ် စိုက်ပျိုးရေးလုပ်သား ဆူသီဆက် ရင်တာလက် ဖြစ်တယ်လို့ အစ္စရေးက ကြေညာခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဂါဇာအခြေစိုက် ဟားမားစ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက အစ္စရေးကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရသူ ဓားစာခံတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပါတယ်။
အမေရိကန်က ကြားဝင် စေ့စပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ ဟားမားစ်ဟာ အသက်ရှင်နေဆဲ ဓားစာခံ အားလုံးကို ပြန်လွှတ်ပေးခဲ့သလို သေဆုံးခဲ့တဲ့ ဓားစာခံတွေရဲ့ အလောင်းတွေကိုလည်း တစ်သုတ်ချင်း လွှဲပြောင်းပေးခဲ့ပါတယ်။

Public Service Announcement
ဆူသီဆက်ရဲ့ အလောင်းကို ပြန်ရပြီ ဖြစ်တာကြောင့် ဂါဇာမှာ နောက်ဆုံးကျန်နေတဲ့ ဓားစာခံ အလောင်းက တစ်ခုပဲ ရှိတော့တယ်လို့ အစ္စရေးက ဆိုပါတယ်။ အဲဒါကတော့ အသက် ၂၄ နှစ်အရွယ် ရဲဝန်ထမ်း ရန်ဂျီဗလီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်နေ့မှာ ဟားမားစ်တွေ ပို့ပေးခဲ့တဲ့ အလောင်းတွေကို DNA စစ်ဆေးကြည့်တဲ့အခါ ဓားစာခံတွေနဲ့ ဆက်စပ်မှု မရှိကြောင်း အစ္စရေးက တွေ့ရှိခဲ့တဲ့နောက် ဆူသီဆက်ရဲ့ အလောင်းကို လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနက ဆူသီဆက်ရဲ့ မိသားစုကို ဒီကိစ္စနဲ့ ပတ်သက်လို့ အစောဆုံး အကြောင်းကြားခဲ့ကြောင်း၊ သူတို့ရဲ့ ဆုံးရှုံးမှုအတွက် အထူးစာနာ ဝမ်းနည်းပါကြောင်းလည်း ကြေညာခဲ့ပါတယ်။
ဆူသီဆက်ရဲ့ ရုပ်အလောင်းကို မိသားစုဆီ ပြန်လည် ပေးပို့နိုင်ဖို့အတွက် အစ္စရေး အစိုးရဟာ ထိုင်းသံရုံးနဲ့ ညှိနှိုင်းနေတယ်လို့လည်း သိရပါတယ်။
ဟားမားစ်ဖက်က ဓားစာခံ အလောင်းတွေ လက်လွှဲပေးမှု ပြီးမြောက်လုနီးပါး ဖြစ်လာတဲ့နောက် အစ္စရေးက ရက်ပိုင်းအတွင်း ရာဖာဟ် နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ရာဖာဟ်ဂိတ်ဟာ ဂါဇာတောင်ပိုင်းနဲ့ အီဂျစ်နိုင်ငံကြားမှာ တည်ရှိပါတယ်။ အဲဒီဂိတ်ကို အစ္စရေးက ဖွင့်ပေးလိုက်တဲ့အခါ ပါလက်စတိုင်းတွေ အနေနဲ့ ဂါဇာကနေ ထွက်ခွာလို့ ရလာမှာ ဖြစ်ပါတယ်။
ကိုးကား: BBC
















































