ကက်သလစ် ခရစ်ယာန် ကျောင်းသူကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ စုစုပေါင်း ၃၀၀ ကျော်လောက် အဓမ္မ ပြန်ပေးဆွဲခံရတဲ့ ဖြစ်စဉ်အပြီး နိုက်ဂျီးရီးယားမှာ လုံခြုံရေး အခြေအနေ စိုးရိမ် ထိတ်လန့်မှုတွေ မြင့်တက်နေပါတယ်။
အာဖရိကတိုက်ရဲ့ လူဦးရေ အများဆုံး နိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဆိုးရွားတဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့တာပါ။ ဒါဟာ နိုက်ဂျီးရီးယားမှာ ကျောင်းတွေကို ပစ်မှတ်ထားတဲ့ ပြန်ပေးဆွဲမှုတွေအတွင်း အရေအတွက် အများဆုံး ဖမ်းဆီးခံရမှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နိုက်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်းက နိုက်ဂျာ ပြည်နယ်ထဲမှာရှိတဲ့ စိန့်မေရီ ခရစ်ယာန်ကျောင်းကို သေနတ်သမားတွေက စီးနင်းပြီး သင်ကြားရေး ဝန်ထမ်းတွေနဲ့ ကျောင်းသူကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့သလို အိမ်နီးချင်း ကက်ဘီ ပြည်နယ်ထဲမှာလည်း မိန်းကလေး ၂၅ ဦး ပြန်ပေးဆွဲ ခံခဲ့ရပါတယ်။
စာသင်ကျောင်းကို စီးနင်းမှုမှာ အစောပိုင်းက ၂၂၇ ဦး ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် စာရင်းအစုံအလင် ရရှိလာချိန်မှာတော့ ကျောင်းသူကျောင်းသား ၃၀၃ ဦးနဲ့ ဆရာ ဆရာမ ၁၂ ဦး ပါသွားခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်း ပြည်တွင်းက ခရစ်ယာန် အဖွဲ့အစည်းတွေက ပြောပါတယ်။

Public Service Announcement

စိန့်မေရီကျောင်းမှာ တက်ရောက်နေတဲ့ ကလေး ၆၂၉ ဦးထဲက အသက် ၈ နှစ်နဲ့ ၁၈ နှစ်ကြား ယောက်ျားလေး၊ မိန်းကလေး ၃၀၀ ကျော် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ပြန်ပေးဆွဲခံရသူ ဦးရေကို တိတိကျကျ အတည်မပြုသေးပါဘူး။
နိုက်ဂျာ ပြည်နယ် အုပ်ချုပ်ရေးမှူး မိုဟာမက် အူမာ ဘာဂိုကတော့ ပျောက်ဆုံးသူ ဦးရေကို ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေဆဲလို့ ပြောပါတယ်။
ကျီးလန့်စာစား အခြေအနေတွေလည်း ဖြစ်လာတဲ့နောက် အမျိုးသား ပညာရေး ဝန်ကြီးဌာနက နိုင်ငံအနှံ့မှာ ကျောင်းအိပ်ကျောင်းစား ဖွင့်လှစ်ထားတဲ့ ကျောင်း ၄၇ ကျောင်းကို ပိတ်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။
သမ္မတ ဘိုလာ တီနူဘူကလည်း တောင်အာဖရိကမှာ G20 ညီလာခံ သွားတက်မယ့် ကိစ္စအပါအဝင် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေ အားလုံးကို လောလောဆယ် ပယ်ဖျက်ခဲ့ပြီး ကလေးတွေ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကို အာရုံစိုက် ကိုင်တွယ်နေတယ်လို့ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က နိုက်ဂျီးရီးယား အစိုးရ အနေနဲ့ ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်နေတာတွေကို တားဆီးဖို့ ထိထိရောက်ရောက်နဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ကြောင်း တောင်းဆိုထားပါတယ်။
ဘော်နိုပြည်နယ်ထဲက ချီဘော့ခ်မြို့မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလောက်တုန်းက မိန်းကလေး ၃၀၀ နီးပါးကို ဘိုကိုဟာရမ် စစ်သွေးကြွတွေက ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့တဲ့ အရိပ်မည်းကြီးဟာ ခုထိ နိုက်ဂျီးရီးယားကို ခြောက်လှန့်နေဆဲပါ။ အဲဒီထဲက မိန်းကလေး အများစု အခုထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
လတ်တလော ပြန်ပေးဆွဲမှုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဖြစ်ကြောင်း အတည်ပြု ကြေညာတာ မရှိသေးပါဘူး။ အရင်က နိုက်ဂျီးရီးယားရဲ့ လုံခြုံရေး အားနည်းလျော့ပါးရာ ကျေးလက်ဒေသတွေက ကျောင်းတွေကို လက်နက်ကိုင် လူရမ်းကားတွေက ပစ်မှတ်ထား တိုက်ခိုက်ပြီး ကလေးတွေကို ဖမ်းဆီး၊ ပြန်ပေးငွေ တောင်းခံတာတွေ ရှိခဲ့ဖူးပါတယ်။
များသောအားဖြင့် အဲဒီ လူရမ်းကား ဂိုဏ်းတွေဟာ ငွေရလိုမှု တစ်ခုတည်းအတွက် ပြစ်မှုကျူးလွန်ပြီး အစွန်းရောက် အယူဝါဒတွေနဲ့ ဆက်စပ်မှု မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံ အရှေ့မြောက်ပိုင်းက ဘိုကိုဟာရမ်လို စစ်သွေးကြွတွေနဲ့ ဆက်နွှယ်မှုတွေ မြင့်တက်လာနေတာကိုတော့ လုံခြုံရေး အရာရှိတွေနဲ့ အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
ကိုးကား: Guardian

















































