နိုက်ဂျီးရီးယား နိုင်ငံ ပိုင်နက်ထဲမှာ ခရစ်ယာန်တွေကို လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေပြီး အမေရိကန်ကိုယ်တိုင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်လာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ပြည်တွင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆန်ခဲ့ပါတယ်။
နိုက်ဂျီးရီးယားမှာ အစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် ခွဲထွက်ရေး အင်အားစု တချို့က ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် လိုအပ်လာရင် စစ်ဆင်ရေးတွေနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်ထားသင့်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထရမ့်က အမေရိကန် စစ်တပ်ကို ညွှန်ကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ နိုက်ဂျီးရီးယား အစိုးရက သဘောထား တုံ့ပြန်ရာမှာတော့ အရင်ကတည်းက ထုတ်ပြန်ဖူးတဲ့အတိုင်း အဲဒီ လက်နက်ကိုင် အင်အားစုတွေကို အမေရိကန်က ကူညီတိုက်ခိုက်ပေးမယ်ဆိုရင်၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုလည်း မထိခိုက်ဘူးဆိုရင် ဝမ်းမြောက်ဝမ်းသာ လက်ခံ ကြိုဆိုပါ့မယ်လို့ ပါရှိခဲ့ပါတယ်။
ဒါပေမဲ့ အာဖရိကတိုက် အနောက်ပိုင်း နိုင်ငံမှာ ခရစ်ယာန်တွေကို သီးခြားပစ်မှတ်ထားပြီး ဖိနှိပ်မှု၊ သတ်ဖြတ်မှုတွေတော့ မရှိပါဘူးလို့ နိုက်ဂျီးရီးယား အစိုးရက ငြင်းချက်ထုတ်ခဲ့ပါတယ်။

Public Service Announcement
နိုက်ဂျီးရီးယားမှာ လှုပ်ရှားနေပြီး အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့တို့ဟာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်နေပေမယ့် ခရစ်ယာန်တွေကိုချည်း သီးခြား ပစ်မှတ်ထားတာ မဟုတ်ဘဲ လူမျိုးမရွေး၊ ဘာသာမရွေးကို ရန်လို တိုက်ခိုက်နေတာလို့ အစိုးရက ပြောပါတယ်။
ထရမ့်ကတော့ နိုက်ဂျီးရီးယားမှာ ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အယူအဆကို ဆက်လက် ဆွဲကိုင်ထားသလို နိုဝင်ဘာ ၂ ရက်နေ့မှာ စစ်ရေးအရ တုံ့ပြန်နိုင်ခြေ ခြိမ်းခြောက်မှုကို နှစ်ဆတိုးလိုက်တာ ဖြစ်ပါတယ်။ သူက လေကြောင်းတိုက်ခိုက်မှုတွေသာ မကဘဲ ပိုမိုကျယ်ပြန့်တဲ့ စစ်ဆင်ရေး ရွေးချယ်စရာတွေကိုပါ စဉ်းစားထားတယ်လို့လည်း ဆိုပါတယ်။
သတင်းထောက်တွေက အမေရိကန်ဟာ နိုက်ဂျီးရီးယားဆီ ခြေလျင်တပ်တွေရော စေလွှတ်နိုင်သလားလို့ မေးတဲ့အခါ ထရမ့်က ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ သူက ဖြစ်နိုင်ခြေ အားလုံးကို ဖြန့်ကျက်ပြီး စဉ်းစားနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
နိုက်ဂျီးရီးယားမှာ ခရစ်ယာန်တွေ အများကြီး အသတ်ခံနေရကြောင်း၊ အရေအတွက် အရမ်းများကြောင်း၊ ဒီကိစ္စမျိုး ဆက်ဖြစ်နေတာကို ခွင့်ပြုထားလို့ မရကြောင်းလည်း ထရမ့်က ဆိုပါတယ်။
အာဖရိကတိုက်ရဲ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်ပြီး လူပေါင်း သန်း ၂၀၀ ကျော် နေထိုင်ရာ နိုက်ဂျီးရီးယားမှာ ကိုးကွယ်ယုံကြည်မှုက ခရစ်ယာန်နဲ့ မွတ်ဆလင် ရောနှောနေပါတယ်။ ဒါပေမဲ့ မွတ်ဆလင် အများစုက နိုင်ငံမြောက်ပိုင်းမှာ နေထိုင်ပြီး ခရစ်ယာန်တွေက တောင်ပိုင်းမှာ အဓိက အခြေချကြပါတယ်။ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်တွေ အပါအဝင် မွတ်ဆလင် အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထကြွ သောင်းကျန်းမှုဟာ အခုဆိုရင် ၁၅ နှစ်ကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
ထရမ့်ကို ထောက်ခံတဲ့ အမေရိကန် ကွန်ဆာဗေးတစ် အစုအဖွဲ့တွေ ကြားမှာတော့ နိုက်ဂျီးရီးယားက ခရစ်ယာန်တွေ အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ရှိနေတယ်ဆိုတဲ့ ယုံကြည်မှုက ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ တည်ရှိနေပါတယ်။
နိုက်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကင်မ်မိုင်ဘီ အင်မိုမိုတင်မီ အီဘီယန်ဖာကတော့ နိုက်ဂျီးရီးယားမှာ ခရစ်ယာန်တွေကိုချည်း ရွေးချယ် သတ်ဖြတ်တဲ့ ကိစ္စတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုသွားပါတယ်။
နိုင်ငံရဲ့ လက်ရှိ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်လို့တော့ အစိုးရ အနေနဲ့ အရမ်းဂုဏ်ယူနေလို့ မရဘူးဆိုတာ ဝန်ခံကြောင်း၊ ဒါပေမဲ့ ယုံတမ်းဆန်ဆန် ပြောဆိုနေမှုတွေကိုလည်း ရှင်းပြဖို့ လိုကြောင်း၊ ခရစ်ယာန်တွေကိုချည်း ပစ်မှတ်ထားတဲ့ သတ်ဖြတ်မှုတွေ ဖြစ်နေတယ် ဆိုတာက မမှန်ကန်ကြောင်း၊ နိုက်ဂျီးရီးယားမှာ ခရစ်ယာန် လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတာ မရှိကြောင်း သူက ပြောပါတယ်။
နိုက်ဂျီးရီးယားမှာ အကြမ်းဖက် သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုတဲ့ အချက်ကို မငြင်းဆန်နိုင်ကြောင်း၊ ဒါပေမဲ့ အဲဒီ သတ်ဖြတ်မှုတွေရဲ့ ပစ်မှတ်က ခရစ်ယာန်တွေချည်းပဲ သီးသန့် ဆိုတာတော့ မဟုတ်ကြောင်း၊ မွတ်ဆလင်တွေ၊ ရိုးရာ နတ်ကိုးကွယ် ယုံကြည်သူတွေလည်း အသတ်ခံကြရကြောင်း၊ သေဆုံးခဲ့ရသူ အများစုဟာ ခရစ်ယာန်တွေ မဟုတ်ကြောင်း သူက ဖြေရှင်းခဲ့ပါတယ်။
ဒါ့အပြင် နိုက်ဂျီးရီးယား အစိုးရဟာ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို မထိခိုက်ဘူးဆိုရင် အကြမ်းဖက်မှုကို တိုက်ဖျက်ဖို့ မိတ်ဖက် နိုင်ငံအားလုံးနဲ့ လက်တွဲ အလုပ်လုပ်ဖို့ အသင့်ရှိနေကြောင်း သူက ဆိုပါတယ်။
အီဘီယန်ဖာရဲ့ သဘောထား အတိုင်းပဲ နိုက်ဂျီးရီးယား သမ္မတ ဘိုလာ တီနူဘူရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း ထပ်တူထပ်မျှ မှတ်ချက်ပေးသွားပါတယ်။ သူက နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်နက်ကို အသိအမှတ် ပြုထားသ၍ အမေရိကန်က ပါဝင်ကူညီမယ့် အခြေအနေတွေကို လက်ကမ်း ကြိုနေမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
ကိုးကား: Al Jazeera



















































