close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြန်နှုန်းမြင့် EVဘက်ထရီ အားသွင်း နည်းပညာသစ်ကို မိတ်ဆက်ခဲ့တဲ့နောက် BYDရဲ့ ရှယ်ယာတွေ စျေးတက်

လျှပ်စစ်ကား (EV)တွေအတွက် အရမ်းမြန်ဆန်တဲ့ ဘက်ထရီ အားသွင်း နည်းပညာသစ်ကို မိတ်ဆက်ခဲ့တဲ့နောက် တရုတ် ကားကုမ္ပဏီ BYDရဲ့ ရှယ်ယာတန်ဖိုးတွေ သိသိသာသာ တက်ရိပ် ပြလာခဲ့ပါတယ်။

လျှပ်စစ်ကား (EV)တွေအတွက် အရမ်းမြန်ဆန်တဲ့ ဘက်ထရီ အားသွင်း နည်းပညာသစ်ကို မိတ်ဆက်ခဲ့တဲ့နောက် တရုတ် ကားကုမ္ပဏီ BYDရဲ့ ရှယ်ယာတန်ဖိုးတွေ သိသိသာသာ တက်ရိပ် ပြလာခဲ့ပါတယ်။

ရုပ်ကြွင်းလောင်စာသုံး မော်တော်ယာဉ်တွေကိုရော၊ EVတွေကိုပါ ထုတ်လုပ်နေတဲ့ BYDဟာ ကုမ္ပဏီရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ Han L ဆီဒင်တွေမှာ အဲဒီ မြန်နှုန်းမြင့် အားသွင်းနိုင်တဲ့ ဘက်ထရီ နည်းပညာသစ်ကို စတင် မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

EVတွေဟာ သာမန်အားဖြင့် ဓာတ်အားပြန်ဖြည့်ဖို့ အချိန်ကြာကြာ ယူရပေမယ့် အဲဒီ နည်းပညာသစ်အရ ကီလိုမီတာ ၄၀၀ လောက် ခရီးသွားထားရင်တောင် ၅ မိနစ်နဲ့ ဓာတ်အား ပြန်ဖြည့်နိုင်မှာ ဖြစ်တယ်လို့ BYDက ကြွေးကြော်ခဲ့ပါတယ်။ ဒါဟာ သာမန် ရုပ်ကြွင်းလောင်စာသုံး မော်တော်ကားတွေ ဆီပြန်ဖြည့်ရတဲ့ အချိန်နဲ့ တန်းတူလောက်ထိ ဖြစ်လာတဲ့ သဘောပါ။

အဲဒီ နည်းပညာသစ်ကို ကြေညာခဲ့တဲ့နောက် BYDရဲ့ ရှယ်ယာတန်ဖိုးတွေဟာ မတ်လ ၁၈ ရက်နေ့ ဟောင်ကောင် စတော့စျေးကွက်မှာ ၆ ရာခိုင်နှုန်း ထိုးတက်လာပြီး ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၁၆၂ ဘီလီယံလောက်ထိ မြင့်တက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

BYDရဲ့ ဥက္ကဋ္ဌနဲ့ ထူထောင်သူ ဝမ်ချွန်ဖူက အဲဒီ နည်းပညာသစ် ဘက်ထရီ အသုံးပြုထားတဲ့ EVတွေကို ဧပြီလကစလို့ တရုတ်နိုင်ငံမှာ ရောင်းချသွားတော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

လောင်စာဆီသုံး ကားတွေနဲ့ EVတွေကြား ရွေးချယ်ဝယ်ယူဖို့ ဖောက်သည်တွေက စဉ်းစားတဲ့အခါ ဓာတ်အားသွင်းတဲ့ စင်တာတွေမှာ အကြာကြီး ရပ်ထားရတဲ့ ကိစ္စကလည်း အဓိက ထည့်တွေးရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အခုတော့ BYDရဲ့ နည်းပညာဟာ EVတွေအတွက် အနုတ်လက္ခဏာဆန်တဲ့ အတားအဆီးကြီး တစ်ခုကို ကျော်လွှားပြတော့မယ့် သဘောပါပဲ။

BYDရဲ့ မဟာဗျူဟာ အရွေ့တွေဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်ဆိုတာ ဒီကိစ္စက နောက်ထပ် ထင်ရှားတဲ့ သက်သေတစ်ခုလို့ ယူဆနိုင်ကြောင်း Macquarie Capital စျေးကွက် သုတေသန ဌာနရဲ့ တရုတ် ကားစျေးကွက်ဆိုင်ရာ အကြီးအကဲ ယူဂျင်းဆောင်းက မှတ်ချက် ပေးခဲ့ပါတယ်။

စျေးကွက်ထဲမှာတော့ စျေးနှုန်းအရ ယှဉ်ပြိုင်မှုသာ မကဘဲ ကားတွေရဲ့ ဒီဇိုင်းတွေ၊ ထုတ်ကုန်သစ်တွေနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေမှာပါ BYDဟာ အထင်ကြီးလောက်စရာတွေ လုပ်ပြနေပြီး EVတွေရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စျေးကွက်ကို အပြောင်းအလဲသစ်တွေနဲ့ ချဉ်းကပ်နေတယ်လို့ သူက ဆိုပါတယ်။

BYDရဲ့ EV ဘက်ထရီ အမြန်အားသွင်းမှု နည်းပညာဟာ အမေရိကန် ပြိုင်ဘက်ဖြစ်တဲ့ Teslaအတွက်လည်း ခေါင်းခဲစရာ ဖြစ်လာနိုင်ပါတယ်။ Teslaဟာ ရောင်းအား ကျဆင်းမှုတွေနဲ့ ရုန်းကန်နေရသလို BYD အပါအဝင် တရုတ် ပြိုင်ဘက် ကုမ္ပဏီတွေရဲ့ ဘက်ပေါင်းစုံ စိန်ခေါ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

Teslaဟာ ဖေဖော်ဝါရီလမှာ လျှပ်စစ်ကား ၃၀၆၈၈ စီးသာ ရောင်းချနိုင်ခဲ့ပြီး အရင်နှစ် ဖေဖော်ဝါရီလကထက် ၄၉ ရာခိုင်နှုန်း ကျဆင်းသွားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း လအလိုက် ရောင်းအား အနည်းဆုံး မှတ်တမ်းဆိုးလည်း ဖြစ်ခဲ့ပါတယ်။

BYDကတော့ မြန်နှုန်းမြင့် ဘက်ထရီ အားသွင်း နည်းပညာသုံး EVတွေကို လောလောဆယ် တရုတ်စျေးကွက်ထဲမှာပဲ အဓိက ဖြန့်ဝေဖို့ စီစဉ်ထားပြီး အဲဒီကားတွေနဲ့ ကိုက်ညီစေမယ့် အားသွင်းစင်တာပေါင်း ၄၀၀၀ ကျော်ကိုလည်း တရုတ်နိုင်ငံ အနှံ့မှာ ဖြန့်ကျက် ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

BYDက ကြွေးကြော်ထားတဲ့အတိုင်းသာ ဘက်ထရီ အားသွင်းမှု စွမ်းရည် ကောင်းမွန်မယ်ဆိုရင် Teslaရဲ့ Supercharge နည်းပညာကပါ တရုတ်ပြိုင်ဘက်ရဲ့ နောက်ကောက်ချမှုကို ခံရမယ့်သဘော ဖြစ်လာပါတယ်။ အဲဒီ နည်းပညာအရ ၂၇၅ ကီလိုမီတာ မောင်းနှင်ထားတဲ့ Teslaကား ဘက်ထရီကို အားသွင်းဖို့ ၁၅ မိနစ် အချိန်လိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဂျာမန် ကားကုမ္ပဏီ Mercedes-Benzကလည်း ၃၂၅ ကီလိုမီတာ မောင်းနှင်ပြီးရင် ၁၀ မိနစ်အတွင်း အားပြည့်အောင် ပြန်သွင်းနိုင်မယ့် CLA လျှပ်စစ် ဆီဒင်ကား အသစ်ကို ထုတ်ဖော်ပြသထားခဲ့ပါတယ်။

ကိုးကား: Fortune

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ်တုန်းက နော်ဝေးမှာ ရောင်းချခဲ့တဲ့ အိမ်စီးကားအသစ် ၉၀ ရာခိုင်နှုန်းနီးပါးဟာ လျှပ်စစ်စွမ်းအင် အပြည့်အဝ အသုံးပြုထားတဲ့ လျှပ်စစ်ကား (EV)တွေ ဖြစ်ကြောင်း သိရပါတယ်။

သတင်း

စစ်ကောင်စီ​၏ လျှပ်စစ်ကားတင်သွင်းခွင့် မက်လုံးပေးမှုမှာ ယုတ်တိမဆန်ဘဲ သင်္ဘောသားများပင် ထိုကဲ့သို့သော လစာမရရှိဟု ဆိုသည်။

သတင်း

လျှပ်စစ်ကား(EV) အားသွင်းခတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီ၏ လျှပ်စစ်သုံးယာဥ်ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံ အဆောက်အအုံများအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီက ကြေညာသည်။

သတင်း

နေပြည်တော်တွင် ဂိုထောင်တစ်ခုတွင်ရပ်ထားသည့် လျှပ်စစ်ကား(EV) မီးလောင်ခဲ့သည်။