ဟွန်းဒူးရပ်စ် နိုင်ငံမှာ ခရီးသည်တင် လေယာဉ်ငယ် တစ်စီး ပျံတက်ပြီး မကြာခင်မှာပဲ ပင်လယ်ထဲ ထိုးကျသွားရာက လူ ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၇ ရက်နေ့တုန်းက ကာရေဘီယန် ဒေသတွင်း နိုင်ငံရဲ့ ရိုအာတန် ကျွန်းကနေ ပျံတက်ခဲ့တဲ့ လေယာဉ်ဟာ သိပ်မကြာခင်မှာပဲ ကမ်းလွန်ရေပြင်ဆီ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ညတွင်းချင်းမှာပဲ လူ ၁၀ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပေမယ့် ၇ ဦး သေဆုံးသွားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ လေယာဉ်ပျက်ကို ကျွန်းရဲ့ ကမ်းလွန် ၁ ကီလိုမီတာလောက် အဝေးမှာတင် ရှာတွေ့ခဲ့တာပါ။
Jetstream လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ခရီးသည် ၁၄ ဦးနဲ့ အမှုထမ်း ၃ ဦးတို့ လိုက်ပါခဲ့တာ ဖြစ်တယ်လို့ ဟွန်းဒူးရပ်စ် ပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လေယာဉ်ဟာ ကျွန်းပေါ်ကနေ ဟွန်းဒူးရပ်စ် ပြည်မကြီးမှာရှိတဲ့ လာဆိုင်ဘာ လေဆိပ်ဆီ ဦးတည် ပျံသန်းရင်း ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
သေဆုံးသူတွေထဲမှာ ပြည်တွင်းက လူသိများတဲ့ အဆိုတော် အော်ရယ်လီယို မာတီနက်ဇ် ဆွာဇိုလည်း ပါဝင်ခဲ့ပြီး နိုင်ငံခြားသားတွေလည်း အသေအပျောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။
လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးသလို လေကြောင်းလိုင်းဖက်ကလည်း အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ကယ်ဆယ်ရေး လုပ်ငန်းကို မှောင်မှောင်မည်းမည်းထဲမှာ အရေးပေါ် လုပ်ဆောင်ခဲ့ရပြီး အနီးမှာရှိတဲ့ ငါးဖမ်းလှေတွေက မီးရောင်ထိုးပြပြီး ကူညီပေးခဲ့ရပါတယ်။
ရိုအာတန်ဟာ ဟွန်းဒူးရပ်စ် ပင်လယ်ကွေ့ထဲက အကြီးဆုံး ကျွန်းဖြစ်ပြီး လှပတဲ့ ကမ်းခြေတွေနဲ့ ရောင်စုံ သန္တာကျောက်တန်းတွေကြောင့် ကမ္ဘာလှည့် ခရီးသွားတွေကြားမှာ အထူးထင်ရှားတဲ့ နေရာတစ်ခုလို့ သိရပါတယ်။
ကိုးကား: CNA
