close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်တာ ခံရမှုကို တာဝန်ယူပြီး အစ္စရေး စစ်တပ်အကြီးအကဲ နုတ်ထွက်

အစ္စရေးနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး လုံခြုံရေး အစီအမံ ကျိုးပေါက်မှုကို တာဝန်ယူပြီး နိုင်ငံရဲ့ စစ်တပ် အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးနိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး လုံခြုံရေး အစီအမံ ကျိုးပေါက်မှုကို တာဝန်ယူပြီး နိုင်ငံရဲ့ စစ်တပ် အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF)ရဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ဟာဇီ ဟာလီဗီဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဂါဇာအခြေစိုက် ဟားမားစ် ပြောက်ကျားတပ်တွေ နယ်စပ် ဖြတ်ကျော်ပြီး အစ္စရေး ပိုင်နက်ထဲ ကျူးကျော် တိုက်ခိုက်တာကို ခံခဲ့ရတဲ့အပေါ် တာဝန်ယူပြီး နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဟာလီဗီက အဲဒီ ဖြစ်စဉ်မှာ သူဦးဆောင်တဲ့ IDFဟာ ပြည်သူလူထုကို ကာကွယ်ရမယ်ဆိုတဲ့ ဝတ္တရားကို ပျက်ကွက်ခဲ့တယ်လို့ ဝန်ခံထားကြောင်း ဖော်ပြ ပါရှိခဲ့ပါတယ်။

ဟားမားစ်ရဲ့ နယ်ကျော် တိုက်ခိုက်မှုကြောင့် အစ္စရေး ပိုင်နက်ထဲမှာ လူ ၁၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ၂၅၁ ဦးဟာ ဂါဇာကို ဓားစာခံတွေ အနေနဲ့ အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားတာ ခံခဲ့ရပါတယ်။ အကျိုးဆက်အဖြစ် ၁၅ လ ကြာမြင့်ပြီး ပါလက်စတိုင်း ၄၇၀၀၀ ကျော် သေဆုံးတဲ့ ဂါဇာ စစ်ပွဲကြီး စတင်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟာလီဗီဟာ စစ်ပွဲကာလတလျှောက် အစ္စရေးရဲ့ စစ်ရေး အစီအမံတွေကို ကွပ်ကဲပေးခဲ့ပေမယ့်လည်း IDFနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီး ၂ ရက်အကြာ၊ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ဆိုးရွားလှတဲ့ တာဝန်ပျက်ကွက်ခဲ့မှုဟာ နေ့တိုင်း၊ အချိန်တိုင်း သူ့အပေါ် ခြောက်လှန့်ခဲ့ပြီး တစ်သက်လုံးလည်း အဲဒီစိတ်က ဖိစီးနေတော့မှာဖြစ်ကြောင်း ဟာလီဗီက ပြောပါတယ်။

ဟာလီဗီက IDF အနေနဲ့ စစ်ပွဲမှာ ထင်ရှားတဲ့၊ အားကောင်းတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း၊ သူဟာ မတ်လ ၆ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂါဇာစစ်ပွဲမှာ အစ္စရေးရဲ့ စစ်ရေး ရည်မှန်းချက် အားလုံး မအောင်မြင်ခဲ့ဘူး ဆိုတာကိုတော့ သူက ဝန်ခံသွားပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့တိုင်အောင် IDFဟာ ဟားမားစ်တွေနဲ့ အဲဒီအဖွဲ့ရဲ့ အုပ်ချုပ်ရေး စွမ်းရည်ကို ဖြိုခွင်း ဖျက်သိမ်းဖို့၊ အစ္စရေး ဓားစာခံတွေ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ ဆက်လက် တိုက်ပွဲဝင် ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဟာလီဗီက ပြောပါတယ်။

ဟာလီဗီရဲ့ ကြေညာချက်အပြီး မကြာခင်မှာပဲ IDFရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် ယာရွန် ဖင်ကဲလ်မန်းကလည်း ရာထူးက နုတ်ထွက်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ဟားမားစ်တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတဲ့ နယ်စပ်ဟာ ဖင်ကဲလ်မန်းရဲ့ လက်အောက်ခံ စစ်ဌာနချုပ် တာဝန်ယူရာ နယ်မြေတစ်ခု ဖြစ်ပါတယ်။ သူဟာ အနောက်နီဂျက်ဖ် ဒေသနဲ့ ဒေသခံ ပြည်သူတွေကို ကာကွယ်ရမယ့် တာဝန် ပျက်ကွက်မိခဲ့တယ်လို့ ဖင်ကဲလ်မန်းက ပြောပါတယ်။

ဟားမားစ်တွေရဲ့ တိုက်ခိုက်မှု မတိုင်ခင်က IDFနဲ့ အစ္စရေး ထောက်လှမ်းရေး အေဂျင်စီတွေဟာ ကြိုတင် သတိပေးချက်တွေ၊ နိမိတ်ပြ အထောက်အထားတွေကို လက်ခံရရှိခဲ့ပေမယ့် သတိမမူတာ၊ ဒါမှမဟုတ် ပေါ့ပေါ့ဆဆ မျက်ကွယ်ပြုခဲ့တာ ရှိခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။ ခေတ်သစ် အစ္စရေးနိုင်ငံ သမိုင်းမှာ သွေးအစွန်းဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေ့မှာတော့ ရာနဲ့ချီတဲ့ ဟားမားစ် လက်နက်ကိုင်တွေဟာ နယ်စပ် စည်းရိုးတွေကို ချိုးဖျက်ပြီး မော်တော်ဆိုင်ကယ်တွေ၊ စက်မဲ့ ဂလိုက်ဒါတွေ၊ မော်တော်ဘုတ်ငယ်တွေနဲ့ လေကြောင်း၊ ကုန်းကြောင်း၊ ရေကြောင်းတွေကနေ ဝင်ရောက်ပြီး အစ္စရေး ပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်ခဲ့ပါတယ်။

ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟာလီဗီဟာ နိုင်ငံနဲ့ IDFအတွက် နှစ်ပေါင်းများစွာ အမှုထမ်းပေးခဲ့တဲ့အတွက် အမြဲတမ်း ကျေးဇူးတင်နေမှာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။ သူက အောက်တိုဘာ ၇ ရက်နေ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ သူ့အနေနဲ့ အလေးအနက် ဝမ်းနည်း စိတ်ပျက်မိကြောင်း၊ ပြီးတော့ သူကိုယ်တိုင် တာဝန်ယူ ဖြေကြားရမယ့် ခက်ခဲတဲ့ မေးခွန်းတချို့လည်း ကျန်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင် ယဲရ်လာပစ်ဒ်က ဟာလီဗီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုခဲ့ပြီး နေတန်ညာဟုလည်း အလားတူ တာဝန်ယူ နုတ်ထွက်သင့်ပြီလို့ တောင်းဆိုသွားပါတယ်။ အခုအချိန်ဟာ တာဝန်ရှိသူတွေက တာဝန်ယူ၊ တာဝန်ခံမှု အပြည့်နဲ့ နုတ်ထွက်ဖို့ လိုတဲ့ ကာလဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ရော၊ သူ့ရဲ့ ညံ့ဖျင်းလှတဲ့ အစိုးရအဖွဲ့ တစ်ခုလုံးပါ နုတ်ထွက်သင့်ပြီဖြစ်ကြောင်း လာပစ်ဒ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဟာလီဗီရဲ့ နေရာကို ဘယ်သူက အစားထိုး တာဝန်ယူမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အစ္စရေး မီဒီယာတွေကတော့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် လက်ရှိ တာဝန်ယူနေသူ အငြိမ်းစား ဗိုလ်ချုပ် အီရဲလ်ဇာမားကို စစ်ဘက်ရာထူး ပြန်ပေးပြီး ဟာလီဗီရဲ့ နေရာ ဆက်ခံစေဖို့ ဝန်ကြီးချုပ် နေတန်ညာဟုက အလိုလားဆုံး ဖြစ်နေကြောင်း ဖော်ပြထားကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စတင် အသက်ဝင်ခြင်းနဲ့အတူ နှစ်ဖက် အကျဉ်းသားတွေ လဲလှယ်မှု အစီအစဉ်တွေလည်း စတင်နေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂါဇာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို အစ္စရေးက မလိုက်နာဘူးဆိုရင် ယီမင် ကမ်းလွန်မှာ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ဆက်ပြီး ပစ်မှတ်ထား တိုက်ခိုက်နေမယ်လို့ ယီမင် အခြေစိုက် ဟိုသီ သူပုန်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

၁၅ လတာ ကြာမြင့်ခဲ့တဲ့ သွေးချောင်းစီး စစ်ပွဲကြီးကို အဆုံးသတ်ဖို့ ကနဦး ခြေလှမ်းအဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း ဟားမားစ် ပြောက်ကျားတွေရဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။