close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်ဟောင်း ကာတာ ကွယ်လွန်

အမေရိကန် သမ္မတဟောင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

အမေရိကန် သမ္မတဟောင်း၊ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင်ဟောင်း ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ဂျော်ဂျီယာ ပြည်နယ်ထဲက ကျေးတောသား လယ်သမား တစ်ဦးရဲ့ ဘဝကနေ အိမ်ဖြူတော်ထိ တက်လှမ်းခဲ့ဖူးသူ သမ္မတဟောင်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က ဂျော်ဂျီယာမှာရှိတဲ့ ပလိန်းစ်မြို့မှာ မိသားစုဝင်တွေ စုံစုံလင်လင် ရှိနေတဲ့အချိန် ကွယ်လွန်သွားခဲ့ကြောင်း သူတည်ထောင်ထားခဲ့တဲ့ ကာတာ စင်တာက ထုတ်ပြန်ခဲ့ပါတယ်။

ကာတာဟာ အမေရိကန်ရဲ့ ၃၉ ဆက်မြောက် သမ္မတအဖြစ် ၁၉၇၇ ကနေ ၁၉၈၁ ခုနှစ်ထိ ၄ နှစ်သက်တမ်းတစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။ သူဟာ လူသားချင်းစာနာမှု လုပ်ငန်းစဉ်တွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီပေးခဲ့တဲ့အတွက် ၂၀၀၂ ခုနှစ်တုန်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

သူ့ရဲ့ သမ္မတ သက်တမ်းဟာ ငြိမ်းချမ်းရေး အားထုတ်မှုတွေအတွက် အမှတ်ရစရာ ဖြစ်ခဲ့ပေမယ့်လည်း အမေရိကန်ရဲ့ စီးပွားရေး လှုပ်ခတ်မှုကြောင့် ရုန်းကန်ရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ ကာတာဟာ သမ္မတဟောင်း တစ်ဦးဆိုတာထက် နိုင်ငံရေးသမား ဘဝကနေ အနားယူပြီးခဲ့တဲ့နောက်ပိုင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် ၄၃ နှစ်ကြာ ဖြတ်သန်းချိန်မှာ အမွေအနှစ်ကောင်းတွေ ပိုမို ချန်လှပ်ထားနိုင်ခဲ့တယ်လို့ သတ်မှတ် ခံခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန်သာ မကဘဲ တစ်ကမ္ဘာလုံးဟာ ထူးကဲထက်မြက်တဲ့ ခေါင်းဆောင်တစ်ဦး၊ နိုင်ငံရေးသမားတစ်ဦး၊ လူသားချင်းစာနာမှု ကူညီစောင့်ရှောက်သူ တစ်ဦးကို ဆုံးရှုံးလိုက်ရတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမေရိကန် သမ္မတလေဟာင်း ဒေါ်နယ်လ်ထရမ့်ကလည်း အမေရိကန် ပြည်သူအားလုံး ကာတာမိသားစုနဲ့ထပ်တူ ကွယ်လွန်သူအတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ကာတာဟာ ၂၀၁၉ ခုနှစ်၊ မတ်လမှာ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး အမေရိကန်မှာ အသက်အရှည်ဆုံး သမ္မတဟောင်း ဖြစ်လာခဲ့ဖူးပါတယ်။ သူဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက နေအိမ်မှာ နာတာရှည် စောင့်ရှောက်မှု ခံယူရတဲ့ လူနာအဖြစ် နေထိုင်ခဲ့ရပါတယ်။ အဲဒီနှစ် နိုဝင်ဘာလမှာတော့ ကာတာရဲ့ ဇနီးသည် ရို့စ်လင်း ကွယ်လွန်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၇၇ နှစ်ကြာ အတူဖြတ်သန်း နေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကာတာဟာ နာမကျန်း ဖြစ်နေတဲ့တိုင် ရို့စ်လင်းရဲ့ နာရေး အစီအစဉ်တွေကို တက်ရောက်ခဲ့ဖူးပါတယ်။

ကာတာလက်ထက်မှာ ရှားပါးပြီး သက်တမ်းရှည်တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး သဘောတူညီမှုကို အီဂျစ်နဲ့ အစ္စရေးတို့အတွက် ကြားဝင်ညှိနှိုင်း ဖော်ဆောင်ပေးခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒတွေမှာ လူသားချင်း စာနာမှု ရှုထောင့်ကို ထည့်သွင်းဖို့လည်း ကာတာကပဲ ဦးဆောင် ပြောင်းလဲခဲ့ပါတယ်။ ဒါပေမဲ့လည်း အီရန်မှာ အမေရိကန် နိုင်ငံသား ဓားစာခံတွေ ၄၄၄ ရက်ကြာ ချုပ်နှောင် ခံထားခဲ့ရတဲ့ အကျပ်အတည်းကို ညှိနှိုင်းဖြေရှင်းနိုင်မှုတော့ မရှိခဲ့ပါဘူး။

အဲဒီ ကိစ္စအပြင် ပြည်တွင်းမှာ စီးပွားရေး အားလျော့လာတာ၊ ငွေကြေးဖောင်းပွမှုတွေ၊ စွမ်းအင် အကျပ်အတည်းတွေပါ ရင်ဆိုင်လာရတဲ့အခါ ကာတာအပေါ် လူကြိုက်များမှု ကျဆင်းလာပြီး ၁၉၈၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရော်နယ်လ်ရေဂင်ကို အရေးနိမ့်ခဲ့ပါတယ်။

သူဟာ နိုင်ငံရေးသမား ဘဝကို ကျောခိုင်းပြီးတဲ့နောက်ပိုင်း ကာတာစင်တာကို ထူထောင်ခဲ့ပြီး လူသားချင်း စာနာမှု လုပ်ငန်းတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ သူ့စင်တာရဲ့ ဆောင်ပုဒ်က ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့၊ ရောဂါတွေကို တိုက်ဖျက်ဖို့၊ မျှော်လင့်ချက်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ အဲဒီ စွမ်းစွမ်းတမံ အားထုတ်မှုတွေ အတွက်လည်း ကာတာနဲ့ သူ့ရဲ့စင်တာတို့ဟာ ၂၀၀၂ ခုနှစ်ရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ပရော်ဖက်ဆာ မူဟာမက် ယူနွတ်စ်ဟာ ဘင်္ဂလားဒေ့ရှ် ကြားကာလ အစိုးရရဲ့ အကြီးအကဲအဖြစ် တရားဝင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အိုင်ဗာနာဟာ ထရမ့်မတိုင်ခင်က တစ်ကြိမ် လက်ထပ်ခဲ့ဖူးပြီး သူ့ရဲ့ ပထမဆုံး အိမ်ထောင်ဖက်က ဩစတြီးယား နှင်းလျှောစီး နည်းပြ အဲလ်ဖရက်ဒ် ဝင်ကယ်လ်မေယာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်ကြပြီး အိုင်ဗာနာက အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရချင်လို့ စာချုပ်စာတမ်းအရ လက်ထပ်ခဲ့တာသာ...

နိုင်ငံတကာ

တူးတူးဟာ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆန် မန်ဒဲလားလိုပဲ နိုင်ငံရဲ့ အထင်ရှားဆုံး၊ လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ထရမ့်ဟာ Twitterနဲ့ Facebookတို့လို ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာတွေမှာ အပိတ်ပင် ခံခဲ့ရတဲ့နောက် ကိုယ်ပိုင် လူမှုကွန်ရက်ဖြစ်တဲ့ Gettrကို ဖန်တီးခဲ့တာပါ။ ထရမ့်ရဲ့ လူယုံတော် အဖွဲ့က ဦးဆောင် လည်ပတ်မယ့် Gettrကို ပြီးခဲ့တဲ့ ရက်ပိုင်းကမှ တိုးတိုးတိတ်တိတ် ဖွင့်လှစ် အသုံးပြုစေခဲ့တာ ဖြစ်ပါတယ်။

Facebook