ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခတွေကြောင့် တစ်နေ့တည်းနဲ့တင် လူ ၉၀ ကျော် သေဆုံးခဲ့တဲ့နောက် ရှိရင်းစွဲ အခြေအနေတွေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့ လတုန်းက အစိုးရ အလုပ်အကိုင် နေရာတွေအတွက် သီးသန့်ခွဲတမ်းတွေ သတ်မှတ် ချန်လှပ်မယ့် ကိစ္စကို မကျေနပ်လို့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့တာကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက အကြမ်းဖက် ဖြိုခွင်းတာကြောင့် လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။ နောက်ပိုင်းမှာ ခွဲတမ်းကိစ္စကို အစိုးရဖက်က လျှော့ပေါ့ပေးလိုက်လို့ ဆန္ဒပြပွဲတွေ ရက်ပိုင်းလောက် ငြိမ်သက်သွားပေမယ့်လည်း သေဆုံးသူတွေအတွက် တရားမျှတမှုကို တောင်းဆိုတဲ့ နောက်ဆက်တွဲ ဆန္ဒပြပွဲတွေနဲ့အတူ ပြဿနာတွေ ပြန်လည် ရှုပ်ထွေးလာတာ ဖြစ်ပါတယ်။
ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တွေက အစိုးရကို အာဏာဖီဆန် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခု လုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့သလို အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့တဲ့အပေါ် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ တာဝန်ယူ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဩဂုတ်လ ၄ ရက်နေ့က ရှုပ်ထွေးတဲ့ အခြေအနေတွေအတွင်း ဆန္ဒပြသူတွေ ဒါဇင်အတော်များများ အသက်ဆုံးရှုံးခဲ့သလို ဆီရက်ဂျ်ဂါနီ ခရိုင်ထဲမှာ ရဲစခန်းတစ်ခုကို လူအုပ်ကြီးက စီးနင်းတိုက်ခိုက်မှုကြောင့် ရဲ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရဲတွေက ကြေညာခဲ့ပါတယ်။

Public Service Announcement
ဇူလိုင်လက ကတည်းက စတင်တဲ့ ဆန္ဒပြပွဲတွေကြောင့် သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၃၀၀ ဝန်းကျင်ထိ များပြားလာပြီ ဖြစ်ပါတယ်။ ရဲတွေရော၊ အာဏာရ ပါတီကို အားပေး ထောက်ခံသူတွေပါ ဆန္ဒပြသူတွေကို ကျည်အစစ်တွေ အသုံးပြုပြီး ပစ်ခတ် ဖြိုခွင်းခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေနဲ့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။
အစိုးရက အခုဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ အတိုက်အခံ အင်အားစုတွေက သွေးထိုး လှုံ့ဆော်ပေးနေတယ်လို့ စွပ်စွဲပြီး အတိုက်အခံ ပါတီတစ်ခုကို မတရားအသင်း ကြေညာပြီး နိုင်ငံရေး ကဏ္ဍကနေ ပိတ်ပင်ကြောင်း ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တက်ခ်က အာရှတောင်ပိုင်း ဒေသတွင်း နိုင်ငံမှာ ထိတ်လန့်စရာ အကြမ်းပတမ်း ဖြစ်စဉ်တွေ ပေါ်ပေါက်နေတဲ့အတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အင်အားစုတွေရော၊ ရဲတွေပါ အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ကြဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။
မြို့တော် ဒါကာမှာတော့ အခြေအနေတွေ ယာယီ ငြိမ်သက်သွားခဲ့တဲ့ အချိန်တုန်းက ပြန်လည် ရရှိနေတဲ့ အင်တာနက် လိုင်းတွေဟာ နှေးကွေးတာ၊ ပြတ်တောက်တာတွေ ဩဂုတ် ၄ ရက်နေ့မှာ တကျော့ပြန် ကြုံတွေ့လာရပါတယ်။
ဒီအတောအတွင်း ဆန္ဒပြ ကျောင်းသား သမဂ္ဂ တစ်ခုက ပြည်သူတွေ အနေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ကြဖို့၊ အစိုးရကို အခွန်တွေနဲ့ တခြားငွေကြေး ပေးဆောင်မှုတွေ မလုပ်ဘဲ ဖီဆန်ဖို့ တိုက်တွန်း တောင်းဆိုလာပါတယ်။ ဒါ့အပြင် စက်ရုံ အလုပ်ရုံတွေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကွန်ရက်တွေပါ အားလုံး ပိတ်ပစ်ပြီး အစိုးရကို ဖိအားပေးဖို့လည်း တိုက်တွန်းနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ်အရေး စောင့်ကြည့်သူတွေက နောက်ဆုံးနှစ်ပတ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြိုခွင်းဖမ်းဆီးတာ ခံရသူ ဦးရေ ၁၀၀၀၀ ဝန်းကျင်လောက် ရှိခဲ့ကြောင်း ပြောပါတယ်။ အဲဒီထဲမှာ ကျောင်းသားတွေနဲ့ အတိုက်အခံ ခေါင်းဆောင်တွေ အများအပြား ပါဝင်ခဲ့ပါတယ်။
ဒီအတောအတွင်း ဒါကာ အပါအဝင် တချို့သော မြို့တွေမှာ အစိုးရကို ထောက်ခံတဲ့ စင်ပြိုင် ချီတက် ဆန္ဒပြပွဲတွေလည်း ရှိနေပြီး အဲဒီ အခြေအနေက တင်းမာမှုတွေကို ပိုမိုမြင့်တက်လာစေခဲ့ပါတယ်။
လက်ရှိ ဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဟာဆီနာရဲ့ အစိုးရ သက်တမ်းတလျှောက် နိုင်ငံရေးအရ အကြီးမားဆုံး စိန်ခေါ်မှုတွေလည်း ဖြစ်လာပါတယ်။ ဟာဆီနာကတော့ ဆန္ဒပြ ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ပယ်ချပြီး ရာထူးက လုံးဝ နုတ်ထွက်မှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။
ကိုးကား: BBC
