-ယောနသံ၊ ဟန်နွေ/People’s Spring
MNDAA ဦးဆောင်သောပူးပေါင်းတပ်များကအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းယူပြီး နောက် ရမခ စစ်တိုင်းတိုင်းမှူးအဖြစ်မှ အဖြုတ်ခံထားရသည့် ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုး တို့အား MNDAA ကဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗိုလ်ချုပ်စိုးတင့်က တိုင်းမှူးပြုတ်ပဲ။ သူ့နေရာမှာ ဗိုလ်ချုပ်စိုးလှိုင်ရှိတယ်။ အခု ဗိုလ်ချုပ်စိုးလှိုင်က ပျောက်နေတယ်။ အခုမိတာ ဗိုလ်ချုပ်စိုးတင့်နဲ့ နောက်လိုက်တွေ” ဟုပြောသည်။

Public Service Announcement
ဗိုလ်ချုပ်စိုးတင့်ကို ရမခသိမ်းပိုက်သည့်တိုက်ပွဲ၌ ရမခဝင်းအတွင်း၌ ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့အားလည်း MNDAA ကဖမ်းမိထားကြောင်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
CDM ဗိုလ်ကြီးဇင်ယော်က “ဗိုလ်ချုပ် စိုးတင့် ရယ် ၊စကခ (၁) စကခမှူး လောလောလတ်လတ် ဗိုလ်မှူးချုပ်အပွင့်တင်ထားတဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးပေါ့ ၊ တိုင်းစစ်ဦးစီးချုပ် သန့်စဥ်ထိုက် သူတို့ ၃ ယောက်ကတော့ အရှင် လက်ရဖမ်းဆီးရမိတယ် ။မနေ့က လားရှိုးစခန်းသိမ်းတိုက်ပွဲမှာမဟုတ်ပါဘူး ။ဒါသီးခြားဖြစ်စဥ်ပါ။ဘယ်လိုပုံ ဖမ်းမိလဲဆိုတာကတော့ ကျွန်တော်တို့တွေ ဆက်သွယ်မေးမြန်းနေတုန်း ၊စုံစမ်းထောက်လှမ်းနေတုန်း ပဲရှိပါသေးတယ်ဗျ ” ဟု ပြောသည်။
MNDAA က၎င်းတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်နက်ချအဖမ်းခံခြင်းမဟုတ်ဟုသိရကြောင်း၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် ရမခကို MNDAAကထိုးစစ်ဆင် တိုက်ခိုက်နေစဥ် ပြီးခဲ့သည့် ဇူလိုင်လတတိယပါတ်တွင် တိုင်မှူးဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အခြေစိုက် တပ်မ ၉၉တပ်မမှူး ဗိုလ်ချုပ်စိုးလှိုင်ကို ခန့်အပ်ထားသည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ ရှိနေဆဲဟု စုံစမ်းသိရသည်။
“ကျွန်တော်တို့နောက်ဆုံးရတဲ့ သတင်းတွေအရတော့ ဗိုလ်ချုပ်စိုးလှိုင်က မူဆဲမှာပဲ ရှိနေပါသေးတယ် “ဟု CDM ဗိုလ်ကြီး ဇင်ယော်ကလည်းပြောသည်။
“လားရှိုး၊ ရမခရဲ့ –
၁။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် (Major General)
၂။ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် (Brigadier General)
၃။ စကခ (၁) မှူး ဗိုလ်မှူးချုပ် (Brigadier General)
ဒီ (၃) ဦးကို ကိုးကန့် တော်လှန်ရေးအဖွဲ့ (MNDAA) က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိပါတယ်တဲ့။တပ်မှူးအများအပြားနဲ့ ထောင်ကြီးဂဏန်းသော စစ်သည်တွေကလည်း လက်နက်ချတာပေါ့။ခေတ်သစ် မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ် (Major General) အဆင့်တဦးကို ပထမဦးဆုံးအနေနဲ့ အရှင်ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ပြည်သူ့တော်လှန်ရေးကြီးက သမိုင်းသစ်တွေ ရေးထိုးနေပါတယ်။တလှိုင်းပြီး တလှိုင်း လာမယ်”ဟုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းကလည်း၎င်း၏ ဖေစ်ဘွခ်တွင်ရေးသားထားသည်။
