မိထက်/People’s Spring
အောက်ခြေတပ်များနှင့် တပ်တွင်းမိသားစု၏ အယုံအကြည်မရှိသည့် အခြေအနေများ ရင်ဆိုင်နေရသည့်စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) သိမ်းပိုက်ခံရပြီး အရာရှိကြီးအချို့အပါအဝင် အများအပြား ဖမ်းဆီးခံထားရပြီး သေဆုံးသူများပြားကြောင်း ယနေ့ (ဩဂုတ် ၅ရက်)နံနက်တွင် ထုတ်ဖော်ဝန်ခံလာသည်။
“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုး သမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်။ အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်”ဟု စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။
စခန်းသိမ်းခံရသည့် သတင်းများ၊ မြို့သိမ်းခံရသည့် သတင်းများကို မြေပြင်အခြေအနေနှင့် သွေဖယ်၍ တပ်တွင်း၌ ဖုံးကွယ်လိမ်လည်လေ့ရှိသည့် စစ်ကောင်စီတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကျဆုံးခြင်းနှင့် ပတ်သက်၍ ပထမဆုံးအကြိမ် ပြောဆိုလာခြင်းဖြစ်သည်။

Public Service Announcement
ရမခမှအရာရှိကြီးများနှင့် ဩဂုတ် ၃ရက်၊ ညနေ ၆နာရီခွဲအထိ နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီးအတည်ပြုဆဲသတင်းများအရ အရာရှိကြီးအချို့ကို MNDAAကိုးကန့်တပ်က ဖမ်းဆီးထားသည်ဟု သိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရမခကို MNDAAက ဩဂုတ် ၃ရက် နံနက်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ သို့သော် ရမခမကျသေးကြောင်းနှင့် စစ်ကူများရောက်လာပြီး တိုက်ပွဲဝင်ရာ ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီလက်အောက်ခံ တယ်လီဂရန်ချန် နယ်များတွင် ဩဂုတ် ၅ရက် ညပိုင်းအထိ ရေးသားနေကြသည်။
တစ်ဖက်တွင် စစ်ကောင်စီခေါင်းဆောင်ပိုင်းကို တပ်တွင်းကပါ ပြန်လည်ဝေဖန်သည့် မှတ်ချက်များ ယခုရက်ပိုင်းထွက်ပေါ်ခဲ့သည်။
ရမခအား သိမ်းပိုက်သည့်သတင်း၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေးအပါအဝင်
စစ်ကောင်စီအရာရှိနှင့် တပ်ဖွဲ့ဝင် ၄,၀၀၀ ကျော်သည် လက်နက်ချအညံ့ခံသည့် သတင်းများ ထွက်ပေါ်လာသည်။
ထို့နောက် ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီက ဝန်ခံခြင်းဖြစ်သည်။ တချိန်တည်းတွင် ရမခအတွက် အစွမ်းကုန်ဆောင်ရွက်သွားမည်ဟုလည်း ပြောသွားသည်။ သို့သော် ထိုကဲ့သို့ ပြောဆိုချက်မှာ ကျန်တိုင်းများမှ စခန်းများ တိုက်ပွဲမဝင်တော့ဘဲ အလွယ်တကူလက်နက်ချမည်ကို ကြိုတင်ဟန့်တားရန် ကြိုးစားခြင်းဟု နေပြည်တော်မှ စစ်ကောင်စီ မိသားစုဝင်တစ်ဦးက ပြောသည်။
” တပ်တွင်းထောက်ခံမှုလုံးဝပြိုကျသွားပြီ။ ကျန်တိုင်းတွေမှာ နောက်လူတွေ ဆက်ပြီးမတိုက်တော့မှာစိုးလို့ အခုလို ထုတ်ပြန်တာ။ ဖုံးမရလို့ ထုတ်ပြန်တာ”ဟု ၎င်းက ပြောသည်။
ရမခ တိုက်ပွဲအတွင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်အား ရမခဝင်းအတွင်း၌ ဩဂုတ် ၃ရက်က ဖမ်းမိခြင်းဖြစ်သည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး ဖမ်းဆီးထားသည့်သတင်းဓာတ်ပုံများ ထွက်ပေါ်လာသည်။
စစ်ကောင်စီသည် ရမခကို MNDAAက တိုက်ခိုက်နေစဥ် ပြီးခဲ့သည့် ဇူလိုင်လကုန်၌ တိုင်မှူးဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှထုတ်ပယ်ပြီး မူဆယ်အခြေစိုက် တပ်မ (၉၉)တပ်မမှူး ဗိုလ်ချုပ် စိုးလှိုင်ကို ခန့်အပ်ထားသည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ ရှိနေဆဲဟု သိရသည်။
