နယူးဇီလန်နိုင်ငံ ကမ်းလွန် တစ်နေရာမှာ လှေနဲ့ ဝေလငါး တိုက်မိတဲ့ ဖြစ်စဉ်ကြောင့် လူ ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
လူ ၁၁ ဦး လိုက်ပါလာပြီး ၂၈ ပေရှည်တဲ့ စင်းလုံးငှား လှေငယ်ဟာ နိုင်ငံ တောင်ပိုင်းက ကိုင်ကူရာမြို့နားမှာ တိမ်းမှောက် နစ်မြုပ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ကနဦး စုံစမ်း သိရှိမှုတွေအရ လှေဟာ ကြီးမားတဲ့ ဝေလငါး တစ်ကောင်နဲ့ တိုက်မိရာက တိမ်းမှောက်သွားခဲ့တာလို့ ရဲတွေက ဆိုပါတယ်။ ဒါပေမဲ့ လှေနစ်မြုပ်မှု အကြောင်းရင်းကို တိတိကျကျ အတည်ပြုနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။
ကိုင်ကူရာ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မတ်ဘွိုက်စ်က ဒီလို မတော်တဆမှုမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးလို့ မှတ်ချက် ပေးခဲ့ပါတယ်။ သေဆုံးသူ အားလုံးရဲ့ မိသားစုတွေ၊ ဒေသခံ လူ့အဖွဲ့အစည်းတို့နဲ့ထပ်တူ ဝမ်းနည်းကြေကွဲမိကြောင်း၊ ကယ်ဆယ်ရေး ဆောင်ရွက်ပေးတဲ့ အဖွဲ့တွေကိုလည်း ကျေးဇူးတင်ကြောင်း သူက ဆိုပါတယ်။
ရေငုပ်သမားတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပြီး ဖြစ်သလို အသက်ရှင်သူ ၆ ဦးစလုံးကိုလည်း ဒေသခံ ဆေးရုံတစ်ခုဆီ ပို့ဆောင်ပေးထားပါတယ်။ အဲဒီထဲက ၁ ယောက်ရဲ့ အခြေအနေက နည်းနည်း စိုးရိမ်ရတဲ့အတွက် ခရစ္စချန့်ချ်မြို့က ပိုမိုကြီးမားတဲ့ ဆေးရုံတစ်ခုဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
ကျွန်းစုမြို့လေး ဖြစ်တဲ့ ကိုင်ကူရာရဲ့ မြို့တော်ဝန် ကရိတ်ဂျ်မက်ကဲလ်က အခုသီတင်းပတ်ကုန် အခင်းဖြစ်ပွားချိန်မှာ ပင်လယ်ပြင်ဟာ လုံးဝဥဿုံ ငြိမ်သက် သာယာနေပြီး ရာသီဥတုကြောင့် လှေနစ်မြုပ်စရာ အကြောင်း လုံးဝ မရှိဘူးလို့ ပြောပါတယ်။ အသက်ရှင်သူတွေရဲ့ ထွက်ချက်တွေကိုပါ ကိုးကားကြည့်တဲ့အခါ ဝေလငါးကြီးတစ်ကောင် ရေပြင်ပေါ် အသက်တက်ရှူတဲ့အချိန် လှေဝမ်းဗိုက် အောက်တည့်တည့်က ဝင်ဆောင့်မိတာလို့ ယုံကြည်ရကြောင်း ပြောပါတယ်။
ကိုင်ကူရာ မြို့တဝိုက်က ရေပြင်မှာ ဝေလငါးတွေ သဘာဝအလျောက် ကျက်စားလေ့ ရှိပေမယ့် လူတွေနဲ့ ပဋိပက္ခ ဖြစ်တာမျိုး မရှိသလောက် နည်းပါတယ်။ အဲဒီမြို့ဟာ ရာသီအလိုက် ဝေလငါးတွေ ရွှေ့ပြောင်းကြတာကို လာရောက် စောင့်ကြည့်သူတွေကြား ထင်ရှားတဲ့ နေရာတစ်ခုပါ။ စင်းလုံးငှား လှေတွေကတော့ ပင်လယ်ပြင်မှာ အပျော်တမ်း ငါးမျှားထွက်သူတွေ အသုံးပြုတာ များပါတယ်။
မြို့တဝိုက်မှာ ဝေလငါးတွေ၊ လင်းပိုင်တွေနဲ့ တခြား ပင်လယ်နေ သတ္တဝါတွေကို နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ လိုက်ပါ ပို့ဆောင်ပေးတဲ့ ခရီးစဉ်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း ရှိနေကြောင်း သိရပါတယ်။
