မူးယစ်ဆေးဝါး မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေကို တားဆီးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မယ်ဟောင်ဆောင်မှာ ရှိတဲ့ မြန်မာနဲ့ နယ်စပ်ဂိတ်မှာ ကုန်စည်တွေ ဖြတ်သန်း သယ်ယူမှုကို ထိုင်းက ပိတ်ထားလိုက်ပါတယ်။
ဟွေဖွမ်း နယ်ခြားဂိတ်မှာ လုံခြုံရေး တိုးမြှင့်ထားလိုက်တာဖြစ်ပြီး ခြေလျင်သွားလာသူတွေကို ဖြတ်သန်းခွင့် ပေးထားပေမယ့် မြန်မာဖက်ကို ကုန်စည်တွေ တင်ပို့မှု၊ မော်တော်ကားတွေ ဖြတ်သန်း မောင်းနှင်ခွင့်တွေကိုတော့ ယာယီ တားမြစ်ထားတာ ဖြစ်ပါတယ်။
ဒါဟာ မူးယစ်ဆေးဝါး ဖော်စပ် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ တရားမဝင် ဓာတုပစ္စည်းတွေ ရွှေ့ပြောင်းမှုကို တားဆီးဖို့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမဲ့ အဲဒီ ကန့်သတ်မှုဟာ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းတွေအပေါ် ကြီးမားတဲ့ သက်ရောက် နှောင့်ယှက်မှုမျိုး ဖြစ်စေတာကြောင့် မေလ ၂၂ ရက်နေ့မှာ နယ်စပ်ကုန်သည် အယောက် ၂၀ လောက် စုဝေးပြီး စည်းမျဉ်းတွေကို ပြန်ပြင်ပေးဖို့ တာဝန်ရှိသူတွေဆီ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement
ထိုင်းကုန်သည်တွေဟာ မယ်ဟောင်ဆောင် ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေး အေဂျင်စီတွေဆီကို လက်ရှိ စည်းမျဉ်းတွေနဲ့ ပတ်သက်လို့ ပြန်လည် ဆန်းစစ်ပေးဖို့ အသနားခံစာ ပေးပို့ခဲ့ကြပါတယ်။
အခုကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံဖက်ကို နေ့စဉ်ပို့ဆောင်နေတဲ့ ကုန်စည်စီးဆင်းမှုတွေမှာပါ ဆိုးဆိုးရွားရွား ထိခိုက်လာစေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
အာဏာပိုင်တွေကတော့ နယ်စပ်ဂိတ်ကို အပြည့်အဝ ပိတ်ထားတာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပြီး ပိုမို ထိရောက်တိကျတဲ့ စစ်ဆေးမှု အစီအမံတွေ မသတ်မှတ်နိုင်သေးခင် ကုန်စည် ဖြတ်သန်းခွင့်တွေကိုတော့ ဆက်ပြီး ပိတ်ထားမယ်လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် ကုန်သည်တချို့ဟာ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ စာရင်းအချက်အလက် စာရွက်စာတမ်းတွေ မမှန်မကန် တင်ပြခဲ့တာကလည်း ပြန်လည်စိစစ်မှုတွေ လိုအပ်စေပြီး နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိ သတ်မှတ်ချက်တွေဟာ နယ်စပ်အခြေအနေ စောင့်ကြည့်မှုတွေကို ပိုမို အားကောင်းသွားစေဖို့၊ နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် ကုန်စည်တွေ ပို့ဆောင်နေမှုကို တားဆီးဖို့အတွက် ကျိန်းသေ လိုအပ်တဲ့ အစီအမံမျိုး ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက မှတ်ချက်ပေးထားပါတယ်။
ကုန်သည်တွေဆီက အသနားခံစာကို ရရှိထားတဲ့နောက် မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေး၊ စီးပွားရေး အကောက်ခွန်ဌာန တာဝန်ရှိသူတွေဟာ အဲဒီနယ်စပ်ဧရိယာကို မေလ ၂၅ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။
ကိုးကား: Khaosod

















































