မေ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က တပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်းစစ်ဌာန ဗျူဟာ (၂၂)က ထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ အပတ်စဉ် (၁၅)က တပ်သား ၁ဦးဟာ မေလ ၂၀ရက်မှာ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ၊ဗျူဟာ(၂၂) ထံ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။
အဲဒီ တပ်သားသစ်ဟာ စစ်တပ်ရဲ့ မတရားခိုင်းစေညွန်ကြားချက်တွေကြောင့် တာဝန်မထမ်းလိုတော့လို့ ထွက်ပြေးလာတာ ဖြစ်ပြီး နွေးထွေးစွာကြိုဆိုလက်ခံထားရှိတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement
” ခုကာလ အလင်းဝင်ရောက်ရင် ဖိတ်ခေါ်ပါတယ်။ လက်နက်နဲ့ဆို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာ ဖြစ်ပါတယ်ဗျို့” လို့ ဗျူဟာ (၂၂) ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်က စစ်ကောင်စီတပ်တွင်းက တပ်ဖွဲ့ဝင်တွေကို ဖိတ်ခေါ်ထားပါတယ်။
စစ်တပ်ရဲ့ စနစ်ဆိုး စစ်ကျွန်အောက်မှာ ရှိနေကြတဲ့ စစ်သားတွေ ရဲတွေ၊ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ပျူစောထီးတွေလည်း ဗျူဟာ (၂၂)နဲ့ ဗျူဟာ (၂၂) ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊တပ်ခွဲတွေထံ ဆက်သွယ် အလင်းဝင်ကြဖို့တိုက်တွန်းထားပါတယ်။
မေလ ၁၁ရက်ကလည်း စစ်မှုထမ်း အပတ်စဉ် (၂၂)က တပ်သားသစ် ၂ဦး ဗျူဟာ (၂၂)ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။
ဗျူဟာမှူး ရဲဘော်စောဂျိမ်းစ်ရဲ့ ပြောပြချက်အရ အခုနှစ်ထဲမှာ ဗျူဟာ (၂၂)ထံ အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား စုစုပေါင်း ၉ဦးရှိလာပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က နယ်မြေ အသီးသီးကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ပုံစံဟာအဓမ္မ စစ်သားစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေရဲ့ အသက်ကို ရင်းပြီး လူလှိုင်းစစ်ဆင်ရေးနဲ့ နယ်မြေတွေ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ တပ်မှူးတွေက ပြောပါတယ်။
စစ်တပ်က အင်အားအများအပြားအသုံးပြု စစ်ကြောင်းထိုးတာတွေက အင်အားတွေ လိုသလောက်စုရတယ်ဆိုတဲ့ အတွေးနဲ့ လုပ်နေတာလို့ ဗျူဟာ (၂၂) ဗျူဟာမှူးက သုံးသပ်ပါတယ်။
“ ပေါ်တာဆွဲရတယ်ဆိုတဲ့ မျှော်မှန်ချက်တွေနဲ့ အသေခံတက်ခိုင်းထိုးခိုင်းနေကြတာပါ ဒီထဲမှာမလည်တဲ့ မပါးတဲ့သူကတော့ ရှေ့တန်းပို့ခံရရင် သေမှာပါဘဲ၊လည်တဲ့ပါးတဲ့သူဆိုရင်တော့တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပူပေါင်း လက်နက်ချ အဲ့ဒါဆို သူတို့အတွက် အခွင့်အလမ်းတွေရမယ် ၊ ဂုဏ်ပြုဆုငွေတွေ ရနိုင်ပါမယ်၊”လို့ ရဲဘော်စောဂျိမ်းစ်က ပြောပါတယ်။



















































