close
Connect with us

Hi, what are you looking for?

သတင်း

အိုင်ကွန်နဲ့ပါ သတိပေးနေရတဲ့ အညာ စစ်​ဘေးသင့်ဒေသက Kpay ပြဿနာ

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

(ဓါတ်ပုံ-​ချောင်းဦးပကဖ )

ဟာနာဆန်/People’s Spring

“ ချောင်းဦးမြို့နယ် ပကဖ သတင်းနှင့် ဆက်သွယ်ရေး ရန်ရှင်းက အသိပေးအကြောင်းကြားအပ်ပါတယ်။ ချောင်းဦးမြို့နယ် ပကဖ သတင်းနှင့် ဆက်သွယ်ရေး ရန်ရှင်းက အသိပေးအကြောင်းကြားအပ်ပါတယ်။” ဆိုတဲ့ ရဲဘော်တစ်ဦးရဲ့အသံက ချောင်းဦးမြို့နယ်အတွင်းက စကားပြောစက် အိုင်ကွန်တွေကနေ ထွက်ပေါ်လာနေပါတယ်။ ဒီတခါ အိုင်ကွန်ကနေ သတိပေးပြောကြားတာက စစ်တပ်ရဲ့လေယာဥ်တက်လာတဲ့သတင်းပေးပို့ချက်တော့မဟုတ်ပါဘူး။ အညာမြေတလွှားမှာ အလွန်ကျော်ကြားနေတဲ့ K Pay အကောင့် ရောင်းချတဲ့ ပြဿနာကို သတိပေးပြောကြားလိုက်တာပါ။

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

မိဘပြည်သူတွေရဲ့ အရေးကြီး ကိုယ်ရေးအချက်အလက်တွေ ဝယ်ယူ အသုံးပြုပြီး kpay အကောင့် ပြုလုပ်တာဟာ မူမမှန်​တဲ့ လုပ်ရပ်ဖြစ်ကာ ငွေကြေးလိမ်လည်တာ၊ တရားမဝင် လောင်းကစားအလုပ်တွေလုပ်တာနဲ့ တရားမဝင်ငွေကြေး လွှဲပြောင်းတာတွေ ပြုလုပ်ဖို့အတွက်ရည်ရွယ်တာသာ ဖြစ်နိုင်ကြောင်း အိုင်ကွန် စက်ကနေ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

မိမိ မှတ်ပုံတင် ၊ ဓါတ်ပုံံနဲ့ Face ID တို့အသုံးပြုကာ ပြုလုပ်ထားတဲ့ kpay အကောင့်နဲ့ငွေကြေးလိမ်လည်မှုတွေ ရာဇဝတ်မှုတွေ ပြုလုပ်လိုက်မယ်ဆိုရင် ဥပဒေ သဘောအရ မှတ်ပုံတင် ပိုင်ရှင်ကိုသာ စစ်ဆေး အရေးယူ ခံရနိုင်ကြောင်း အိုင်ကွန်စက်ကနေ အသိပေးပါတယ်။

ဒါ့ကြောင့် မိမိတို့ရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေကို သူတပါးထံ မရောင်းဖို့နဲ့ အဲဒီတွေ တွေ့ရှိပါက ဒေသခံ အဖွဲ့အစည်းတွေဆီအချိန်မီသတင်းပို့ကြဖို့ အသိပေးခဲ့တာပါ။

အဲဒီလို အိုင်ကွန်ကနေ K Pay ကိစ္စ သတိပေးတဲ့ အစီအစဥ်ကို ချောင်းဦးမြို့နယ်ပကဖကနေ လုပ်ပေးနေတာပါ။ အဲဒီအစီအစဥ်ကို နေ့စဥ် ပြုလုပ်နေတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

“ စကြေညာနေပါပြီ။ ကျွန်တော်တို့တစ်ဖွဲ့ထဲ ကြေညာမှာ မဟုတ်ဘူး။ တခြားခရိုင် မြို့နယ်က အဖွဲ့တွေကိုရော ကြေညာဖို့ ပြောထားပါတယ်” လို့ချောင်းဦးပကဖ တာဝန်ခံက ပြောပါတယ်။

ပြည်သူတွေကလည်း လက်နက်ကြီးရန်နဲ့ လေကြောင်းရန်ကို အိုင်ကွန်နားထောင်ပြီး စစ်ဘေးရှောင်ရတော့ ပြည်သူတွေသိသင့်တာကို အိုင်ကွန်ကနေ ဝေမျှတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

အိုင်ကွန်နဲ့ပါသတိပေးရတဲ့အထိဖြစ်လာတဲ့ K Pay ကိစ္စ၊ ဘယ်လောက်အထိ ဆိုးရွားနေတယ်ဆိုတာကို ဆက်ကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ မတ်လခန့်က မုံရွာနယ်တကြောမှာ Kpay အကောင့်တွေကို ငွေငါးသောင်းနဲ့ လိုက်ဝယ်တာတွေ ခေတ်စားခဲ့ပါတယ်။ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ​လေးသောင်း၊ လူရှာပေးသူက ကျပ်တစ်သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကိုခရီးစရိတ်အဖြစ်ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။ ဒါ့ကြောင့်ပြည်သူတွေဟာအစုလိုက်အပြုံလိုက် ရောင်းချနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ယမန်နှစ်အတွင်းကပဲ မန္တလေးတိုင်းထဲက မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ဒေသတွေမှာလည်း KPay အကောင့်လာရောက်ဝယ်ယူတာတွေရှိခဲ့ပြီး မန္တလေးမှာဆိုရင် KPayအကောင့်ရောင်းချခဲ့တဲ့ပြည်သူအချို့ကိုငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါသေးတယ်။

မုံရွာမှာလည်း ပွဲတော်အလား ကားတွေဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ အုန်းအုန်းထအောင် လာရောင်းကြတယ်။ အဲဒီနောက် မုံရွာနဲ့ နယ်မြေချင်းဆက်နေတဲ့ ချောင်းဦးနယ်မှာပါ လာဝယ်လာကြတယ်လို့ ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

“ ကျွန်တော်တို့ဘက်က လက်မခံတော့ မုံရွာနယ်မှာ အထိုင်ချပြီးသူတို့ဆီကိုလူစုခေါ်ပြီးဖွင့်နေတာ” လို့ ပကဖတာဝန်ခံက ပြောပါတယ်။

၎င်း Kpay ဝယ်တဲ့အုပ်စုဟာနယ်ဘက်ကျေးဘက်က မသိနားမလည်တဲ့ ရွာသူရွာသားတွေကို ပစ်မှတ်ထားလာကြပါတယ်။ အဆိုးရွားဆုံးကတော့ စစ်ဘေးသင့်ဒေသကပြည်သူတွေပါ ပစ်မှတ်အထားခံလာရတာပါ။ “ အဓိကက နယ်ရွာတွေမှာက မအလ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ ဗုံးကျဲနေတော့ စစ်ဘေးကြောင့် ကြပ်တည်းလာနေတဲ့ ပြည်သူတွေကို ဦးတည်ပြီး လုပ်လာနေလို့ပါ” လို့ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဇာနည်သိန်းက ပြောပါတယ်။

ဒီတခါမှာ ပိုဆိုးလာတာကတော့ K Pay အကောင့်ဝယ်ယူသူတွေဟာ စစ်ရှောင်တွေကို ကူညီတဲ့အဖွဲ့အစည်းကလူတွေလို အယောင်ဆောင်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ ကေပေးဖွင့်ပေးပြီး ထောက်ပံ့ငွေပေးတဲ့ သဘောမျိုး လုပ်လာတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ စစ်ဘေးရှောင်တွေကို လာကူညီတဲ့ အဖွဲ့တွေနဲ့ ပုံမှားရိုက်ပြီး ၅သောင်းပေး လုပ်စားနေကြတာ‌” လို့လည်း ချောင်းဦးမြို့နယ် ပကဖတာဝန်ခံကိုဇာနည်သိန်းက ဆိုပါတယ်။

အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြီးခဲ့တဲ့မေလဆန်းမှာ ပကဖအသံစာမျက်နှာကနေ သတိပေးခဲ့ပါသေးတယ်။

“ ဒီအကောင့်တွေရဖို့အတွက် နောက်ကွယ်ကနေ ငွေပေးတဲ့သူပေါ့။ဒီလူတွေကတော့အွန်လိုင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းကလူတွေပဲဖြစ်ဖို့များပါတယ်။ သူများရဲ့ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကိုသုံးပြီးတော့ K Pay ဖွင့်ပြီးတော့ ငွေပေးပြီးယူသွားတယ်ဆိုကတည်းက သမာအာဇီဝကျကျ နည်းလမ်းတော့ ဟုတ်မနေဘူး။ ဆက်စပ်တယ်လို့တော့ ပြောလို့ရတယ်” လို့ ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်က ပြောပါတယ်။

ဒီဖြစ်စဥ်တွေမှာ ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

မုံရွာနယ်ထဲက K Pay အကောင့်လာဝယ်တဲ့ဖြစ်စဥ်တွေမှာ တော်လှန်ရေးအဖွဲ့တွေကပါ ပတ်သက်မှုရှိနေတဲ့အပေါ် ဒေသခံအချို့က မေးခွန်းထုတ်နေကြပါတယ်။ “ ဖမ်းတော့ ဖမ်းလိုက်သေးတယ်။ ပြီးတော့ ပြန်လွှတ်လိုက်တာ” လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူတွေကတော့ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့်ငွေလေး၊ငါးသောင်းလေးနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို ဂရုမစိုက်နိုင်တော့ဘဲ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကို အလွယ်တကူပဲ ရောင်းချလိုက်ကြရတယ်။

“ အခုချိန်မှာ အားလုံး အညာကို အာရုံစိုက်ပေးကြပါ။ အွန်လိုင်းငွေလိမ်လုပ်ငန်းကလည်း အညာကို target ထားလာနေကြပါပြီ။ တတ်သိနားလည်သူတွေ မီဒီယာတွေ၊ အဖွဲ့အစည်းတွေက မျက်စိဖွင့် နားစွင့်ပြီး ကြိုတင်ကာကွယ်ပေးမှ အညာလူထု အခုထက်ပိုသက်သာမှာပါ” လို့ ချောင်းဦးပကဖ တာဝန်ခံ ကိုဇာနည်သိန်းက မေတ္တာရပ်ခံလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျေးရွာ ၁၀ရွာထက်မနည်း ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာပေါင်း ၃၀နီးပါးက ပြည်သူပေါင်း ၂၄၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။