ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ People’s Spring
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။
စစ်တပ်ဟာ အမှတ်(၁၃၅)ခြေလျင်တပ်ရင်းကနေ မီတာ ၄၀၀(ပေ ၁၃၀၀ ဝန်းကျင်)အကွာက သံလွင်တံတား(ဖားဆောင်း)ဘက်ကိုပါ တပ်ဖြန့်လာတယ်လို့လည်း ဆိုပါတယ်။
ဖားဆောင်မြို့နယ်မှာ တိုက်ပွဲက နှစ်ပိုင်းဖြစ်နေပြီး မြို့အထက်ခြမ်း နန့်ကစ်ဘက်မှာက စစ်တပ် စစ်ကြောင်းကို ကာနေသလို နောက်တစ်ပိုင်းက ခလရ-၁၃၅ဘက်မှာ ဖြစ်နေတယ်လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ သံလွင်တံတား(ဖားဆောင်း)နားမှာတော့ တော်လှန်ရေးတပ်တွေ ဆုတ်ထားရတယ်လို့ သူက ရှင်းပြပါတယ်။

Public Service Announcement
စစ်တပ်ဟာ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီး ဖားဆောင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာ စစ်တပ်က နေရာအများစုကို ရရှိထားပေမယ့် မြေပြင်တိုက်ပွဲတွေအရ အချိန်မရွေးအပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ စစ်တပ်သာ ဖားဆောင်းကို ပြန်ရခဲ့ရင် ဒေသတွင်း အရင်းအမြစ်တစ်ခုဖြစ်တဲ့ မော်ချီးဒေသကို သူတို့ ဆက်တိုးလာနိုင်ပြီး အဲဒါကတော့ စိုးရိမ်စရာအခြေအနေပဲလို့ ပြောပါတယ်။
ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီလို့ စစ်တပ်က ထုတ်ပြန်ထားပေမယ့် ကရင်နီတပ်ပေါင်းစုဘက်က သီးခြားထုတ်ပြန်တာ မရှိသေးပါဘူး။ မြေပြင် တိုက်ပွဲက ရှုပ်ထွေးနေဆဲလို့သာ ကရင်နီတပ်မတော်(KA)ဘက်က တုံ့ပြန်ထားပါတယ်။
ဖားဆောင်းမြို့မှာ ခလရ(၁၃၄)နဲ့ (၁၃၅) အခြေစိုက်တပ်ရင်း နှစ်ခု ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ဝက်က ဖားဆောင်းမြို့နယ်ရဲ့ ခလရ(၁၃၄)ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCSက သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၆ ဖေဖော်ဝါရီ ၁၂ ရက်မှာတော့ စစ်တပ်က ပြန်ရသွားပါတယ်။
ကရင်နီတပ်ပေါင်းစု အလုံးစုံသိမ်းပိုက်ထားတဲ့ မယ်စဲ့မြို့နယ်နဲ့ ဖားဆောင်းကို ဆက်သွယ်ထားတဲ့ သံလွင်တံတားတံတားဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ကရင်နီဒေသတွင်းမှာ စစ်တပ်ရဲ့ တန်ပြန် ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။
လက်ရှိအခြေအနေအရ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော်(UKSA) ဖွဲ့စည်းဖို့ အရပ်ဖက်အဖွဲ့အစည်းနဲ့ လူထုက တိုက်တွန်းမှုတွေ ရှိနေပါတယ်။

















































