နိုဝင်ဘာ-၂၈၊၂၀၂၅။အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်က နေရာနှစ်ခုကို ဒီနေ့ (နိုဝင်ဘာ ၂၈ရက်) မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားပါတယ်။
အမှတ်(၃၇၇)အမြောက်တပ်ရင်းနဲ့ ကြောင်ဖိုကျေးရွာအနီးကိုလည်း မနက် ၁၀နာရီခန့်မှာ ဂျစ်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ ရခိုင်ဒေသခံသတင်းမြစ်က ပြောပါတယ်။
“ ဒီအထဲမှာ လေကြောင်းက ခဏခဏ ပတ်ပျံနေတာပါ။ ဒီ နေ့လည်း မနက်အစောကြီးကတည်းက ပတ်ပျံပြီး ကြဲတာလို့ ပြောတယ်” လို့ ကျောက်တော်ဒေသခံတွေနဲ့အဆက်အသွယ်ရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗုံကြဲမှုကြောင့်ထိခိုက်မှုအခြေအနေတွေကို ဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်ခြင်းမရှိတဲ့ တိုင်းနဲ့ ပြည်နယ် ၉ခုက မြို့နယ် ၆၃မြို့ကို အောက်တိုဘာ ၃၁ရက်မှာ အရေးပေါ်အခြေအနေထပ်မံကြေညာခဲ့တာမှာ AAထိန်းချုပ်ထားတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ၊ဂွမြို့နယ်နဲ့ပလက်၀တို့ ပါဝင်ပါတယ်။
အောက်တိုဘာလကုန်ပိုင်းကနေ၍ နိုဝင်ဘာလလယ်ပိုင်းအထိ ရခိုင်ပြည်နယ်က မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျိန္တလီမြို့တွေကိုစစ်ကောင်စီကလေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး၊ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရပ်သား ၂၅ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက ရှမ်းမြောက်မှာ ကိုးကန်ါပတ်မတော်(MNDAA)၊(တအာင်းတပ်မတော်(TNLA)တို့နဲ့ အပစ်ရပ်ပြီးတဲ့နောက် စစ်ဆင်ရေးနယ်မြေအချို့ကျုံ့သွားတာကို အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြှင့်လာတယ်လို့ AAက အောက်တိုဘာ ၃၁ရက်မှာ သတိပေးထားပါတယ်။
AAဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ရက်ကစပြီး ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေတိုက်ခိုက်ခဲ့ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်တွေ၊မာန်အောင်၊ ကျောက်ဖြူမြို့နယ်တွေကလွဲလို့ ကျန်မြို့နယ်တွေကို သိမ်းယူထားပါတယ်။ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်တိုက်ခိုက်သွားမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားပြီး လက်ရှိမှာ ကျောက်ဖြူမြို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းနဲ့နယ်စပ်ဖြစ်တဲ့ ရွှေသောင်ယံ၊ သာပေါင်းနဲ့ လေးမျက်နှာမြို့နယ်၊ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်ထဲက ကပစ(၁၆)အနီး၊ညောင်ကျိုးကျေးရွာမှ လေလာတောင်ပတ်ဝန်းကျင်၊ မကွေးတိုင်းငဖဲမြို့နယ်မှ နတ်ရေကန်ဗျူဟာကုန်းတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။
စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေက အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ လေကြောင်း၊ ရေကြောင်း၊လက်နက်ကြီးရန်နဲ့ပတ်သက်တဲ့ အရေးပေါ် သတိပေးချက်ကို AA က ထုတ်ပြန်ထားပါတယ်။
AAဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနက် MNDAAနဲ့ TNLAလို စစ်ကောင်စီနဲ့ အပစ်ရပ်မဆွေးနွေးဘဲ စစ်မျက်နှာအများအပြား တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
















































