နိုဝင်ဘာ-၁၉၊ ၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က လေကြောင်းတိုက်ခိုက်မှုမှာ နှမ်းရိတ်နေတဲ့ CDM ကျောင်းဆရာမ ဒေါ်ယဥ်ယဥ်မြ ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်း သတင်းရရှိပါတယ်။
မနေ့က နိုဝင်ဘာ ၁၈ ရက် ညနေ ၄နာရီခန့်က ကနီမြို့နယ်၊ သရက်ပင်ကျေးရွာနဲ့ မင်းအိုကျေးရွာကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သရက်ပင်ကျေးရွာနေ အသက်(၃၀)အရွယ် CDM ဆရာမ ဒေါ်ယဥ်ယဥ်မြ ဗုံးစထိမှန်ကာ သေဆုံးခဲ့ရကြောင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့က အသိပေးပါတယ်။
ဒေါ်ယဥ်ယဥ်မြဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်ယန္တရားမှာ ပါဝင်ခြင်းမရှိဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ စစ်အာဏာရှင်ကို တွန်းလှန်ခဲ့တဲ့ CDM ဆရာမတစ်ဦးဖြစ်ကြောင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့က ထပ်မံအသိပေးပါတယ်။

Public Service Announcement
လက်နက်အားကိုး၊ လေကြောင်းအားကိုးနဲ့ လူ့အသက်အဖိုးတန်တွေအပေါ် ရမ်းကားယုတ်မာနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ပညာရေးဘုတ်အဖွဲ့က ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို အပြစ်မဲ့လုပ်သားပြည်သူများ၊ CDM ဆရာ၊ဆရာမများနဲ့ ကျောင်းသားလူငယ်များအပေါ် မတရားသဖြင့် ဖမ်းဆီးသတ်ဖြတ်မှု၊ ကျေးရွာများကို အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်အား ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြဖို့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအား လေးလေးနက်နက်တိုက်တွန်းကြောင်း ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့က တောင်းဆိုပါတယ်။
ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့အနေနဲ့လည်း လူမဆန်စွာ ရက်စက်ယုတ်မာနေတဲ့ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီတည်ဆောက်ရေးအတွက် နောက်မဆုတ်တမ်း ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
CDM ဆရာမအပြင် အသက်(၆၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက်(၂၃)အရွယ် အမျိုးသားတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
“ ဆရာမက သူတို့ယာခင်းထဲ နှမ်းရိတ်နေတာတဲ့” လို့ ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။
ကနီမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်ကလည်း ၀င်မနားကျေးရွာ ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆေးရုံတက်နေတဲ့ ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပါသေးတယ်။

















































