အရေးပါတဲ့ လက်နက်စနစ် စမ်းသပ်မှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက မြောက်ကိုရီးယားဟာ နိုင်ငံ အရှေ့ဖက်ဆီ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ လပေါင်း အတော်ကြာပြီးမှ မြောက်ကိုရီးယားဆီက ဒုံးကျည် စမ်းသပ်မှုတွေ ပြန်မြင်တွေ့လာရတာ ဖြစ်ပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် စီမံခန့်ခွဲမှုဌာနက အထူးအရေးပါတဲ့ မဟာဗျူဟာ လက်နက်စနစ် တစ်ခုကို စမ်းသပ်ခဲ့တာဖြစ်ကြောင်းနဲ့ ရလဒ်ပိုင်းက အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက အဲဒီဌာနရဲ့ အဆိုကို ကိုးကား ဖော်ပြရာမှာတော့ ဟိုက်ပါဆောနစ် ဒုံးကျည်နှစ်စင်းကို ပြုံယမ်းမြို့တော်ကနေ အရှေ့မြောက်ဖက်ဆီ ဦးတည် ပစ်ခတ်ခဲ့တာလို့ ပါရှိခဲ့ပါတယ်။

Public Service Announcement
တောင်ကိုရီးယား စစ်တပ်ဟာ အစောပိုင်းတုန်းက မြောက်ကိုရီးယား ဒုံးကျည်တွေက အရှေ့ဖက် ကမ်းလွန် ပင်လယ်ဖက် ဦးတည်ခဲ့တယ်လို့ ကြေညာပေမယ့် နောက်တော့ အရှေ့ဖက်ကို ဦးတည်ခဲ့တယ်လို့သာ ပြောင်းလဲ ထုတ်ပြန်ခဲ့ပါတယ်။ KCNAရဲ့ သတင်းမှာတော့ ပြုံယမ်းကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်း ဟမ်ယောင်ပြည်နယ်၊ အိုရန်းခရိုင်ထဲက ကွမ်ဆန် တောင်ထိပ်တဝိုက်က လျာထားပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
ရန်သူ့ ခြိမ်းခြောက်မှုတွေကို မဟာဗျူဟာမြောက် ထိထိရောက်ရောက် တွန်းလှန်နိုင်ရေး ရည်မှန်းချက်မှာ အဲဒီ လက်နက်စနစ် စမ်းသပ် အောင်မြင်မှုက သိပ်အရေးပါလာလိမ့်မယ်လို့ KCNAက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ တကယ်ပဲ ဟိုက်ပါဆောနစ် မြန်နှုန်းအဆင့်ထိ ရောက်ခဲ့သလား ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ရွေ့လျားတဲ့ မြန်နှုန်းကို ရည်ညွှန်းပါတယ်။
ဒုံးကျည်တွေ စမ်းသပ်မှုကို တခြားအရာရှိတွေနဲ့အတူ ကြီးမှူးစောင့်ကြည့်ခဲ့တဲ့ အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ပက်ဂျောင်ချွန်းက အဲဒီ ခေတ်ရှေ့ပြေး စစ်လက်နက်ရဲ့ စွမ်းဆောင်ရည်ဟာ မြောက်ကိုရီးယား အနေနဲ့ ကာကွယ်ရေး စွမ်းရည် ကိုယ့်အားကိုယ်ကိုး မြှင့်တင်မှုတွေမှာ တည်တည်ငြိမ်ငြိမ် တိုးတက်နေတယ် ဆိုတာကို ထင်ဟပ် မြင်သာစေခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကိုးကား: Xinhua
















































