ဧရာဝတီတိုင်း၊ အင်္ဂပူ၊ လေးမျက်နှာနှင့်ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့် ပုသိမ် – မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်းဧရာဝတီPDF က သတိပေးချက်ထုတ်ပြန်သည်။
ဖမ်းဆီးထားသောကားများ၊သာသနာရေးကားများ၊ လူနာတင်ကားများအားအသုံးပြု၍ နေရာရွှေ့ပြောင်းခြင်းကို သင်္ကြန်ကာလအတွင်း၌ပင် ပြုလုပ်နေပြီး မလိုလားအပ်သောဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးအတွက်ပုသိမ် – မုံရွာကားလမ်းမပေါ်တွင်ယာဥ်အသုံးပြုမှုသတိပေးခြင်းဖြစ်ကြောင်းရှင်းပြထားသည်။
“စစ်တပ်က သင်္ကြန်တွင်းအခါကြီးရက်ကြီးကိုအသုံးချပြီး စစ်ရေးလှုပ်ရှားနေတယ်။ ပုသိမ်-မုံရွာလမ်းပိုင်းက လူအသွားအလာများတယ်။ ဒါကသူတို့အတွက် ဂွင်ဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement
စစ်ကောင်စီသည် အရပ်သားပြည်သူများကိုပစ်မှတ်ထား၍တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ရေကြည်နှင့်လေးမျက်နှာမြို့နယ်တွင်မတ်လ ၂၄ရက်မှ ၃၁ရက်အတွင်း အရပ်သားခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု ဧရာဝတီ PDFအမှတ် (၂၉) ဗျူဟာက သတင်းထုတ်ပြန်ထားသည်။
ရေကြည်၊ လေးမျက်နှာ နှင့် အင်္ဂပူမြို့မြို့နယ်ကြား ပုသိမ်-မုံရွာလမ်း၌ ပြီးခဲ့သည့် မတ်လ ၂၇ ရက်အထိ အာရက္ခတပ်တော်(AA)၊PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တိုက်ပွဲများပြင်းထန်ခဲ့သည်။ မတ်လ ၂၈ရက်က ငလျင်လုပ်ပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယာယီအပစ်ရပ်လိုက်ခြင်းနှင့်အတူ AA၊PDFပူးပေါင်းတပ်က ထိုးစစ်ရပ်လိုက်ရာ တိုက်ပွဲအရှိန်လျော့သွားခဲ့သည်။
သို့သော်စစ်ကောင်စီက အပစ်ရပ်စာချုပ်ကိုဆက်လက်ချိုးဖောက်ပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်မှစစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း AAက ဧပြီလ ၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
