ဧပြီ-၁၁၊ ၂၀၂၅။နေ့သစ်/People’s Spring
စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲငလျင်အဖြစ် ဒီကနေ့ (ဧပြီလ ၁၁ ရက်နေ့) နံနက် ၁၁ နာရီခန့်မှာမန္တလေးတိုင်း၊ မိတ္ထိလာလေတပ်စခန်းအနီး ဗဟိုပြုပြီး ပြင်းအား ၄ ဒသမ ၈ ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တယ်လို့ အမေရီကန် မြေငလျင်တိုင်းတာရေးဌာန(USGS)ကထုတ်ပြန်ပါတယ်။
မိတ္ထီလာမြို့ရဲ့အရှေ့၊အရှေ့မြောက်၁၄ကီလိုမီတာ(၈ မိုင်ကျော်) နေရာကို မြေအနက် ၆ မိုင်ကျော်မှာ ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာလို့ USGS က ထုတ်ပြန်ထားပါတယ် ။မြေငလျင် ဗဟို ချက်ဟာ မိတ္ထီလာလေတပ်စခန်းပိုနီးပြီး ဗဟိုချက်နဲ့ လေတပ်စခန်းဟာ အမြန်ဟိုဘက် ဒီဘက်ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဝန်ကြီးဌာန(MOHADM)ကလည်း ဒီမနက်၁၀ နာရီ ၅၉ မိနစ်အချိန်ခန့်မှာ သာစည်မြို့အနီး မြေအောက်အနက် ၆ မိုင်ကျော်ကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

Public Service Announcement


စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ နံနက်၁၁ နာရီခန့်မှာဝမ်းတွင်းမြို့၏ အရှေ့တောင်ဘက် (၅) မိုင်ခန့်မှာအင်အား ၅.၀ ရစ်(ခ်)တာစကေး ရှိတဲ့မြေငလျင်ဟာမြေအနက် ၆ မိုင်ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ဖော်ပြပါတယ်။
ထုတ်ပြန်ချက်သုံးခုဟာမြေငလျင်ဗဟိုချက် မြေအနက်တူညီပေမယ့် တိုင်းတာတဲ့မြို့မတူညီတာကြတာကိုတွေ့ရသလို အင်းအားမတူညီတာကိုလည်းတွေ့ရပါတယ်။ ငလျင်ပြင်းအားမတူညီတာဟာ ငလျင်အင်အားတိုင်းတာတဲ့စက် တည်နေရာ၊အကွာအဝေးမတူညီရင်လည်းကွာခြားချက်အနည်းငယ်ရှိတက်တယ်လို့မြေငလျင်ပညာရှင်အချို့ကပြောပါတယ်။
ဒီငလျင်လှုပ်တာကို မန္တလေးမြို့ကလည်းခံစားသိရှိရတယ်လို့ဒေသခံတွေကပြောပါတယ်။ မတ်လ ၂၈ ရက်က ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီးရဲ့နောက်ဆက်တွဲမြေငလျင်တွေဟာဒေသတွင်းမှာ ဆက်တိုက်လှုပ်ရှားနေတာဖြစ်ပါတယ်။
အခုနောက်ဆက်တွဲငလျင်ကြောင့် လူထိခိုက်မှုပျက်စီးဆုံးရှုံးမှု ရှိ၊မရှိကိုတော့မသိရသေးပါဘူး။
မြေငလျင်လှုပ်ရှားတာကို သိလိုက်ရင် ၊ထိခိုက်ပျက်စီးမှုရှိခဲ့ရင် People’s Spring ရဲ့အခုသတင်းအောက်မှာ မှတ်ချက်ပြုတာဖြစ်စေ ၊ မက်ဆင်ဂျာကနေ စာပို့၍ဖြစ်စေ ပြောပြနိုင်ပါတယ်။
