မတ် ၂၀၊ ၂၀၂၅။ သတိုး၊သုည/People’s Spring
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မှုခင်းရဲတပ်ဖွဲ့ရုံး(CID)၏ ကင်းစခန်းကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးဒဏ်ရာရကြောင်း Rangoon Urban Column(RUC) စစ်ကြောင်း တာဝန်ခံ ရဲဘော်ရဲခေါင်က ပြောသည်။
“အသုံးပြုခဲ့တာကတော့ သာမာန်မိုင်းသုံးလုံးစာကို တစ်လုံးတည်းပေါင်းခွဲခဲ့တာပါ။ အဝေးထိန်းနဲ့။ထိခိုက်မှုကတော့ တစ်ယောက်ပြင်းထန်ဒဏ်ရာနဲ့ ဆေးရုံတင်လိုက်ရတယ်ကြားပါတယ်”ဟု ၎င်းက ပြောသည်။
မတ်လ ၁၉ရက် ည ၈နာရီခန့်တွင် အောက် မင်္ဂလာဒုံလမ်းမရှိ အမှတ်(၂)မှုခင်းတပ်ဖွဲ့ခွဲ ၊ မှုခင်းရဲတပ်ဖွဲ့ရုံး၏ ကင်းစခန်းကို RUC စစ်ကြောင်းမှ အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
“ညက ၈နာရီလောက် အင်းစိန်ဘက်မှာ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ တော်တော်ကျယ်တယ်။ CID ရုံးရှေ့နား ပေါက်ပြီး ကင်းသမားတစ်ယောက် ထိတယ်လို့တော့ ကြားတယ်။ ဖြစ်ဖြစ်ချင်း လမ်းတွေပိတ်လိုက်တော့ အတိအကျတော့ မပြောနိုင်ဘူး။ ညကတော့ အောက်မင်္ဂလာဒုံလမ်း တစ်ခြမ်းလုံးကို ပိတ်ပြီး ကားတွေစစ်တာ တွေ့ခဲ့တယ်။ ဒီမနက်လည်း စစ်ကားတချို့ အင်းစိန်ဘက်မှာ ပတ်နေပါတယ်”ဟု အင်းစိန်မြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် မြေပြင် သတင်းများအပါအဝင် ထူးခြားဖြစ်စဉ်များ ၊ သတင်းအချက်အလက်များကို ၎င်းတို့စစ်ကြောင်း၏ တယ်လီဂရန် @RUC_info သို့ပေးပို့ကာ မြေပြင်သတင်းအင်အားအတွက် ကူညီပေးရန် မေတ္တာရပ်ခံထားသည်။

















































