မတ်-၂၀ ၂၀၂၅။ ရှိန်း၊အာရုဏ်ဦး /People’s Spring
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ စဉ့်ကိုင်တောင်ရွာကို စစ်တပ်က ဒီနေ့ မတ်လ ၂၀ ရက် မနက်ပိုင်းက ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုရားစေတီတွေ ပျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ဗိုလ်ကျားကြီးတော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
မတ်လ ၂၀ ရက်နံနက် ၉ နာရီ ၁၃ မိနစ်ခန့်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးဟာ တိုက်ပွဲမရှိဘဲ စဥ့်ကိုင်ရွာလယ်မှာတည်ထားကိုးကွယ်တဲ့ ရှင်ပင်ဆိပ်ဘုရားဝန်းကို လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ် ။
“အရင်ကတိုက်ပွဲဖြစ်ခဲ့တဲ့ ဘုရားကုန်းပေါ်ကို ဗုံးနှစ်လုံးကြဲချသွားတာ။ ပြည်သူအထိခိုက်တော့ မရှိဘူး။ ဘုရားကျောင်းဆောင်နဲ့ စေတီတွေတော့ပျက်စီးတယ်”လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

Public Service Announcement
ဒေသခံတဦးကလည်း ရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာ(၁)စင်းနဲ့ ၂ ကြိမ်ဗုံး တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ် ။
လေကြောင်းတိုက်ခိုက်မှုကြောင့် ရှင်ပင်ဆိပ်ဘုရားဝန်းအတွင်းရှိ သာသနိကအဆောက်အ အုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ် ။ဒါပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံက ဆက်ပြောပါတယ် ။
စဉ့်ကိုင်ရွာကို ပြီးခဲ့တဲ့ မတ်လ ၁၆ရက် ည ၁၀နာရီ ကျော်မှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ပြည်သူ ၄ ဦးသေဆုံးခဲ့ပါသေးတယ်။လေကြောင်းတိုက်ခိုက်မှုမှာ နေအိမ်တွေ ပေါ်ကျပြီး အသက် ၈၀ကျော်အရွယ် အဖိုး၊အဖွား ၂ဦး၊အသက် ၃၀ကျော် အမျိုးသမီး ၁ဦး၊ ၆လသားအရွယ် ကလေးငယ် ၁ဦးစုစုပေါင်း ၄ဦး သေဆုံးခဲ့တာပါ။
ဒါ့အပြင် မတ် ၁၉ရက်ညပိုင်းကလည်း မင်းကွန်းပုထိုးတော်ကြီးအနီးကို စစ်တပ်က လေကြောင်းတိုက်ကာ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။
“ဒီလိုမျိုး စကစ ဘက်က မထင်ရင် မထင်သ လို လေကြောင်းတိုက်ခိုက်မှုတွေလုပ်လာတဲ့အပေါ်မှာ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိ
ပြုနေထိုင်ကြဖို့နဲ့ လိုအပ်သလိုပြင်ဆင်ထားကြဖို့ တိုက်တွန်းချင်တယ်။ ကျနော်တို့အနေနဲ့လည်း စကစ ရဲ့ အခုလိုလူမဆန်တဲ့လုပ်ရန်တွေကို တစ်
နည်းတစ်ဖုံ ဟန့်တားနိုင်ဖို့ ကြိုးစားနေပါတယ်”လို့ ဒေသအ ခြေစိုက် မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
