close
Connect with us

Hi, what are you looking for?

သတင်း

ပျဉ်းမနားစစ်ကြောင်းမှူးအသတ်ခံရမှု ကျူးလွန်သူများဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြမည်ဟု သဘောတူညီချက်ရ

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ပေါင်းစုများရှေ့တွင် ပွင့်လင်းမြင်သာစွာချပြမည့် သဘောတူညီချက်ရရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(မတ်လ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း၏ရုပ်အလောင်းအား ဂူသွင်းသဂြိုလ်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ

မတ်- ၂၀၊၂၀၂၅။ ရဲခေါင်/People’s Spring

နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုတွင် ကျူးလွန်သူများဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ပေါင်းစုများရှေ့တွင် ပွင့်လင်းမြင်သာစွာချပြမည့် သဘောတူညီချက်ရရှိခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(မတ်လ ၂၀ ရက်)တွင် ထုတ်ပြန်သည်။

ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ မဟာမိတ်ညီနောင်အဖွဲ့အစည်းများ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဖြင့်ကယန်းပြည်သစ်တပ်မတော်ရုံးစိုက်ရာနယ်မြေသို့ မတ်လ ၁၈ရက်က သွားရောက်ဆွေးနွေးခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က အသိပေးသည်။

နှစ်ဖက်အဖွဲ့အစည်းများဖြစ်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကယန်းပြည်သစ်တပ်မတော်တို့သည် တော်လှန်ရေးမဟာမိတ်ညီနောင်အဖွဲ့အစည်းများရှေ့တွင် ဆွေးနွေးညှိနှိုင်းခဲ့ပြီး အချက်ငါးချက်ကိုသဘောတူညီ ကတိကဝတ်ပြုခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သဘောတူညီမှုအချက်များအရ ရဲဘော်ကိုစိုင်းဖြစ်စဉ်နှင့်ပက်သက်၍ ပါဝင်ပက်သက်ခဲ့ကြသည့် ပြစ်မှုနှင့်သက်ဆိုင်သော ကျူးလွန်သူများအားလုံးကို ဖော်ထုတ်အရေးယူပြီး နှစ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်တပ်ပေါင်းစုများရှေ့တွင် ကယန်းပြည်သစ်တပ်မတော်မှ ပွင့်လင်းမြင်သာစွာ ချပြရန် ပါဝင်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနက စုံစမ်းစစ်ဆေးမှုအရ ကယန်းပြည်သစ်တပ်မတော်မှ တပ်စုမှူးသည် စစ်မြေပြင်တွင် နယ်မြေဝင်ရောက်ရှင်းလင်းရင်း မတော်တဆမိုင်းနင်းမိ၍ ကျဆုံးသဖြင့် ဝမ်းနည်းရကြောင်း ဖော်ပြသည်။

ရှေ့ဆက်ပြီး အလားတူဖြစ်ရပ်များမဖြစ်ပေါ်စေရန် အောက်ခြေတပ်မှူးများအထိ ခိုင်မာသောယုံကြည်မှု ရှိစေရေး ဆောင်ရွက်ရန်၊ နှစ်ဖက်အဖွဲ့အစည်းများမှ လက်နက်အသုံးပြုပဋိပက္ခမဖြစ်ရေးကို အပြည့်အဝတာဝန်ယူ ကတိပြုရန်လည်း သဘောတူညီခဲ့သည်။

ထို့အပြင် တော်လှန်ရေးအကျိုးစီးပွားရှေးရှု၍ အသေးအဖွဲ့ကိစ္စများမှအစ အလျှင်အမြန်ညှိနှိုင်းဆောင်ရွက်ကြပြီး စစ်ရေးအရပူးပေါင်းဆောင်ရွက်နိုင်သည်အထိ ယုံကြည်မှုတည်ဆောက်မည်ဟု အသိပေးသည်။

နေပြည်တော်တိုင်းစစ်ဦးစီးအဖွဲ့ထံ ရဲဘော်ကိုစိုင်း၏ 9 mm Pistolတစ်လက်၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် icom စကားပြောစက်တို့ကို ကယန်းပြည်သစ်တပ်မတော်မှ ပြန်လည်အပ်နှံခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်း စစ်‌ကြောင်းမှူးရဲဘော်ကိုစိုင်း ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူများအား တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရေးနှင့် အရေးယူမှုပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

ယခုမတ်လ ၃ ရက်နက ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန် ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားမှ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကနဦးထုတ်ပြန်ထားသည်။

ထို့နောက် ရဲဘော်ကိုစိုင်းမှာ လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ခံရပြီး ဒဏ်ရာများစွာဖြင့် သေဆုံးသည်ကို မတ်လ ၁၃ ရက်တွင် ရှာဖွေအတည်ပြုနိုင်ခဲ့ကြောင်းသိရသည်။

ယနေ့ထုတ်ပြန်စာပါ သဘောတူညီချက်များနှင့်စပ်လျဥ်းပြီး သီးခြားမေးမြန်းနိုင်ရန် ကယန်းပြည်သစ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဘက်သို့ လူထုနွေဦးက ဆက်သွယ်နေဆဲဖြစ်သည်။

လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။

ကယန်းပြည်သစ်ပါတီသည် ဆီဘူးဒေသတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။လက်ရှိအချိန်ထိ တော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့်လည်း ပူးပေါင်းခြင်းမတွေ့ရသေးပေ။

ဆက်စပ်သတင်းများ