close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို ရှေ့ထားပြီး မတ်စ်ခ်နဲ့ ရူဘီရို စကားများခဲ့တယ်လို့ဆို

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ရုံးနှစ်ဦးဖြစ်တဲ့ မာကိုရူဘီရိုနဲ့ အီလွန်မတ်စ်ခ်တို့ဟာ ထရမ့်ကို ရှေ့ထားပြီး စကားအခြေအတင် ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ရုံးနှစ်ဦးဖြစ်တဲ့ မာကိုရူဘီရိုနဲ့ အီလွန်မတ်စ်ခ်တို့ဟာ ထရမ့်ကို ရှေ့ထားပြီး စကားအခြေအတင် ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

မတ်လ ၆ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ အလောတကြီး စီစဉ်ခဲ့ရတဲ့ အစိုးရအဖွဲ့ အစည်းအဝေး တစ်ခုမှာ ထရမ့်ရဲ့ လူယုံတော် ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး မတ်စ်ခ်က အမေရိကန် အစိုးရ အဖွဲ့ဝင်တချို့၊ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး ရူဘီရိုကို ပစ်မှတ်ထားပြီး ဝေဖန် ထိုးနှက်စကားတွေ ပြောခဲ့တယ်လို့ New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မတ်စ်ခ်ဟာ ထရမ့်လက်ထက်မှာ ဖွဲ့စည်းခဲ့ပြီး တရားဝင် ဝန်ကြီးဌာန မဟုတ်တဲ့ အစိုးရ လုပ်ငန်းစဉ်များ ထိရောက်အောင် ကြပ်မတ်ရေးဌာနကို လက်တွေ့ ဦးဆောင်နေသူ ဖြစ်ပါတယ်။ အဲဒီ ဌာနရဲ့ ရည်ရွယ်ချက်က အစိုးရရဲ့ ပိုလျှံ ဝန်ထမ်းတွေကို အလုပ်ထုတ်ပယ်တာ အပါအဝင် အစိုးရ အသုံးစရိတ် အများအပြားကို လျှော့ချသွားဖို့ ဖြစ်ပါတယ်။ DOGEလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီဌာန စတင် လုပ်ငန်းလည်ပတ်ချိန် ကတည်းက အမေရိကန်မှာ အစိုးရဝန်ထမ်း အများအပြားဟာ အလုပ်ထုတ်ခံရတာ၊ အချိန်အတိုင်းအတာ တစ်ခုအတွင်း ထုတ်ပယ်ခံရမယ်ဆိုတဲ့ ကြိုတင် အကြောင်းကြားမှုတွေ လက်ခံ ရရှိတာမျိုး ကြုံထားရပါပြီ။

မတ်စ်ခ်က ရူဘီရိုဟာ သူတာဝန်ယူတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနထဲမှာ ဘယ်ဝန်ထမ်းကိုမှ အလုပ်မထုတ်ခဲ့ဘူးလို့ စွပ်စွဲခဲ့ပြီး ရူဘီရိုကလည်း မတ်စ်ခ်ရဲ့ စကားတွေက မမှန်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ရူဘီရိုက မတ်စ်ခ်ကို ခပ်လှောင်လှောင် မျက်နှာပေးနဲ့ တုံ့ပြန်ခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်း ၁၅၀၀ လောက်ကို အချိန်စောပြီး အနားပေးမယ် ဆိုတဲ့အကြောင်း သက်ဆိုင်ရာ ဝန်ထမ်းတွေဆီ အသိပေးထားပြီး ဖြစ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။ ပြီးတော့ အဲဒီ အရေအတွက်ကို ဝန်ထမ်းလျှော့ချမှု စာရင်းထဲ ထည့်မတွက်သင့်ဘူးလားလို့ ရူဘီရိုက တန်ပြန် မေးခွန်းထုတ်ခဲ့ကြောင်း New York Timesရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ အစိုးရ အရာရှိ ၂၀ ဝန်းကျင်လောက်ဟာ သူတို့နှစ်ယောက် စကားများတာကို စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးမှသာ ထရမ့်က ရူဘီရို အနေနဲ့ သူ့အလုပ်ကို ကောင်းကောင်း လုပ်နေတယ်လို့ အသိအမှတ်ပြုရင်း စကားဝင်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

မတ်စ်ခ်နဲ့ ရူဘီရိုတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းကတည်းက တင်းမာမှုတချို့ ရှိနေခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အထူးသဖြင့် စည်းမျဉ်းတွေအရ ရူဘီရိုရဲ့ လက်အောက်ခံ ဌာနတစ်ခုလို့ သတ်မှတ်နိုင်တဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) တစ်ခုလုံး ပိတ်သိမ်းမှုကို မတ်စ်က ဘောင်ကျော်ပြီး ဦးဆောင် ကိုင်တွယ်ခဲ့တာနဲ့ ပတ်သက်လို့ နှစ်ဦးကြားမှာ အကြိတ်အခဲတွေ ရှိနေပါတယ်။

အဲဒီနေ့က အစည်းအဝေးမှာတော့ ထရမ့်က ဝန်ကြီး အသီးသီးဟာ ကိုယ်တာဝန်ယူတဲ့ ဌာနကို ဦးဆောင်ရမှာဖြစ်ပြီး မတ်စ်က ခေါင်းဆောင်ရမှာ မဟုတ်ဘူးလို့တော့ ထည့်ပြောသွားပါတယ်။

မတ်စ်ခ်နဲ့ ရူဘီရိုတို့ အစိုးရအဖွဲ့ အစည်းအဝေးမှာ စကားများခဲ့တယ်ဆိုတဲ့ သတင်းတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

နောက်တစ်နေ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီစကားများမှု အကြောင်းကို မေးတဲ့အခါ ထရမ့်ကတော့ ဘာပြဿနာမှ မရှိခဲ့ကြောင်း၊ မတ်စ်ခ်နဲ့ ရူဘီရိုဟာ အံ့ဩစရာ ကောင်းလောက်အောင် အတွဲညီညီ အလုပ်လုပ်နေကြောင်းပဲ ပြန်ဖြေသွားခဲ့ပါတယ်။

သတင်းတွေ အရတော့ ထရမ့်ရဲ့ အစိုးရ အဖွဲ့ထဲမှာ မတ်စ်ခ်နဲ့ DOGEရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ် စိတ်ပျက်ကြောင်း တိုးတိုးတိတ်တိတ် ဝေဖန်သူတွေ များနေတယ်လို့ သိရပါတယ်။ အများစုဟာ ဌာနအလိုက် အသုံးစရိတ် လျှော့ချဖို့ ရည်ရွယ်ချက်ကို သဘောတူ လက်ခံပေမယ့် ဝန်ထမ်းတွေကို ထုတ်ပယ်တဲ့ မတ်စ်ခ်ရဲ့ အစီအမံတွေ စနစ်မကျတာ၊ ကသမ်းကရမ်း နိုင်တာတွေကို စိတ်ညစ်ညူးနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မတ်စ်ခ်ဟာ ရွေးကောက်ပွဲ ကာလမှာ ထရမ့်ကို ရန်ပုံငွေ အများဆုံး ထည့်ဝင် လှူဒါန်းခဲ့သလို အမေရိကန် အစိုးရ အဖွဲ့ဝင် အားလုံးထက် သမ္မတအပေါ် ဩဇာညောင်းနေတာကြောင့် သူနဲ့ ထိပ်တိုက် ပြဿနာ တက်မှာမျိုးကို အားလုံးက ရှောင်လွှဲနေကြပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ရပ်ဆိုင်းရေး ဆွေးနွေးကြတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရုရှားထက် ယူကရိန်းက ပိုလက်ပေါက်ကပ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

စစ်ရပ်ဆိုင်းရေးကိစ္စအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အားကောင်းတဲ့ ခေါင်းဆောင်မှု အောက်ကနေ ပူးပေါင်း အလုပ်လုပ်ဖို့ အသင့်ဖြစ်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုလိုက်ခြင်းနဲ့အတူ နိုင်ငံတကာ စတော့ရှယ်ယာ စျေးကွက်ထဲမှာ ကြီးမားတဲ့ လှုပ်ခါသက်ရောက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာ

ပို့ကုန်တွေအပေါ် အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို တရုတ်က ချက်ချင်း လက်တုံ့ပြန်ပြီး အမေရိကန်ကနေ တင်သွင်းတဲ့ ကုန်စည်တွေကို အခွန် ၁ဝ ကနေ ၁၅ ရာခိုင်နှုန်းထိ တိုးကောက်မယ်လို့ ကြေညာခဲ့ပါတယ်။

Facebook