တာရာ/People’s Spring
ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါလမ်းရှိ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၁၃ရက်နေ့က သိမ်းပိုက်လိုက်သည်။
ကလေးမြို့နှင့်မိုင် ၃၀ကျော်ဝေးသည့် ထိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၁၁ရက် စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ရက်ညနေပိုင်းက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ကျော်ကိုလည်းစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသည်ဟု စစ်ရေး သတင်းရင်းမြစ်အချို့ကပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံက လက်နက်အများအပြားလည်း သိမ်းဆည်းရရှိသည်ဟုလည်း အဆိုပါစစ်ရေးသတင်းအရင်းအမြစ်ကပြောသည်။ စခန်းသိမ်းပြီးနောက် လက်နက်မျိုးစုံ ၄၀ မှ ၅၀ လက်အတွင်းသိမ်းဆည်းရရှိသည်ကိုလည်း သတင်းဓါတ်ပုံမှတ်တမ်းတွင်တွေ့ရသည်။

Public Service Announcement
သို့သော်တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ မသိရသေးပေ။
“ကျန်တဲ့စကစတပ်တွေက ထွက်ပြေးသွားတယ်။ အများစုက မှန်တောရွာဘက်ကို ထွက်ပြေးသွားတယ်”ဟု ၎င်းကဆက်ပြောသည်။
ကမ်းပါးနီစခန်းသည် ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့ချိတ်ထားသည့် လမ်းပိုင်းတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါမြို့ကြားတွင် အဓိကကျသည့်စစ်ကောင်စီစခန်း၂ ခုအနက်မှ တစ်ခုဖြစ်သည်။
စခန်းမကျစေရေးအတွက် စစ်ကောင်စီက လေကြောင်းမှ ပစ်ကူအများအပြားအသုံးပြုတိုက်ခိုက်ခဲ့သော်လည်း လက်လွတ်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
ကမ်းပါးနီစခန်းကျသွားပြီးနောက် ထိုစခန်းအနီးဝန်းကျင်ရှိစစ်စခန်းများကို စစ်တပ်ကအင်အားဖြည့်တင်းနေသည်ဟု ဒေသခံများကပြောသည်။
