▪︎PNOခေါင်းဆောင်ဦးအောင်ခမ်းထီနှင့်တပ်ဖွဲ့ကိုအသက်စွန့် ကယ်တင်ပေးခဲ့ရသော်လည်း PNOက ကျေးဇူးရှင်ကို ပစ်မှားပြီး KA/KNDF ကို နမ်းနိမ်ရွာသတ်ဖြတ်မှုကို စွပ်စွဲဝါဒဖြန့်နေဟုအသိပေး
▪︎မွန်မြတ်ပြီးအများအတွက်တိုက်ပွဲဝင်နေသောရဲဘော် များ၊ခေါင်ဆောင်များကို ယုံကြည်လျက်ရှိကြောင်းပြော
ကရင်နီတပ်မတော်(KA) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က KA တပ်မှူးတပ်သားများနှင့် KNDF ခေါင်းဆောင်များ တပ်ရင်း ရဲဘော်များအား အသိပေးသည့် စာကို ယနေ့ မတ်လ ၁၈ရက်တွင် ထုတ်ပြန်ခဲ့ရာ ရန်သူ၏ မိတ်ဆွေသည် မိတ်ဆွေမဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့် PNO၊PNAပြည်သူ့စစ် ကို ရည်ညွှန်းပြောဆိုခဲ့သည်။
မတ်လ ၁၁ရက်က ပင်လောင်းမြို့နယ် နမ်းနိန်ရွာ၌ သံဃာ ၃ပါးအပါအဝင် အရပ်သား ပြည်သူ ၂၂ဦး ထက်မနည်းကို စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ရာ ယင်းသတ်ဖြတ်မှုကို အကြောင်းပြုပြီး KA/KNDF ကို ဝါဒအမျိုးမျိုးဖြန့်နေကြောင်း ဒုစစ်ဦးစီးချုပ်က ပြောသည်။ နမ်းနိန်ရွာသတ်ဖြတ်မှုကို PNOက ကြေညာချက် ထုတ်ပြန်ရာ KNDFနှင့် အပေါင်းပါများက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲ ဝါဒဖြန့်ခဲ့သည်။
“ရန်သူ့လက်ချက် ရန်သူ့အလုပ်လုပ်နေတာဖြစ်သည်။ အားလုံးပြောချင်တယ်။အမှန်တရားဆိုတာဖုံးဖိလို့မရပါ။ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာပါလိမ့်မည်။ရန်သူ့မိတ်ဆွေဟာ တို့မိတ်ဆွေမဖြစ်နိုင်ဘူးလို့ အမြဲပြောပြတာ။ ယခုဆိုရင် ရဲဘော်ရဲဘက်များအားလုံး သဘောပေါက်လောက်ပြီထင်ပါတယ်” ဟု ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။

၁၉၈၄ ခုနှစ် မတ်လက ထိုင်းနယ်စပ်၌ ဦးအောင်ခမ်းထီ နှင့် ရဲဘော် ၆၀ ခန့်ကို ဗိုလ်ချုပ်အောင်မြတ် ကိုယ်တိုင် ရဲဘော် ၂ဦးနှင့်အတူ အသက်စွန့်ပြီး ထိုင်းနယ်စပ် ၊ ရှမ်း-ကရင်နီနယ်စပ်ဆုံရာ ယခု လွိုင်ဆမ်မိတ် သို့ သွားကြိုခဲ့ကြောင်း၊ ဦးအောင်ခမ်းထီနှင့်အဖွဲ့အား ယခု တောင်ကုန်းအမှတ် ၂၈၈၈ တွင် နေထိုင်ခွင့် ပြုခဲ့သည်။ထိုနောက် ၃လ အကြာတွင် နယ်စပ်နှင့် နီး၍ ဘိန်းဘုရင် ခွန်ဆာမှ လိုက်လံသတ်ဖြတ်မည်ကို ကြောက်၍ သံလွင်မြစ်ဘေးတွင် နေထိုင်လိုကြောင်း တောင်းဆို၍ လက်ရှိ တောင်နီချောင်းဆုံတွင် နေထိုင်ခွင့်ပြုခဲ့ကြောင်း ဗိုလ်ချုပ်အောင်မြတ်က ပြန်ပြောင်းရှင်းပြသည်။
“ ဆိုလိုသည်မှာ PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီ တို့သည် မယ်အော တွင် ခွန်ဆာမှ လာရောက် တိုက်ခိုက်သဖြင့် မိမိကိုယ်တိုင် သွားရောက်ကယ်တင်ခဲ့သည်။ မိမိအနေဖြင့် ကျေးဇူးပြုခဲ့သည်ကို ပြန်ပြီး မပြောပြလိုသော်လည်း တပ်မှူးများ၊ ရဲဘော်များ သိအောင် ပြောပြရခြင်းဖြစ်သည်” ဟု ဗိုလ်ချုပ်အောင်မြတ်ကရေးသားထားသည်။
ထိုဖြစ်စဥ်ကို သိရှိသော ခေါင်ဆောင်အချို့သည် ငြိမ်းချမ်းစွာအနားယူသွားပြီး ကျန်ရှိသော နှစ်ဦးခန့်မှာ တတိယနိုင်ငံ၌ အခြေ ချနေထိုင်နေကြောင်းလည်းစာတွင်အသိပေထားသည်။
ဆက်လက်၍ကျေးဇူးရှင်ကို ပြစ်မှားရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ဘယ်လိုဖြစ်ဖြစ် ခံရမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
“ KA နဲ့ KNDF ကို ထိရင် မခံနိုင်ဘူး။ဒါကြောင့်အမိန့်နာခံကြရန်၊စစ်စည်းကမ်းများကို တသွေးမတိမ် လိုက်နာကြရန်၊လူ့အခွင့်အရေးများကို လိုက်နာကြရန်” ဗိုလ်ချုပ်အောင်မြတ်က မှာကြားသည်။
ပင်လောင်း နမ်းနိန်ရွာသတ်ဖြတ်မှုတွင် သံဃာတော်များကိုပါ နှုတ်ပိတ်လိုက်သကဲ့သို့ ဖရူဆိုမြို့နယ် မိုဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင်လည်း စစ်ကောင်စီတပ်က BGF ၄ဦးကို နှုတ်ပိတ်လိုက်ကြောင်း၊ ယခု ပင်လောင်းကိစ္စ သည်လည်း မိုဆိုကိစ္စကဲ့သို့ပင်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်မြတ်က ပြောသည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကလည်း ၁၉၈၄ ခုနှစ်က ဦးအောင်ခမ်းထီနှင့် ပအိုဝ်းတပ်ကို ခွန်ဆာတပ်က တိုက်ခိုက်၍ ၎င်းတို့အား ကရင်နီတပ်မတော်နှင့် ကရင်နီ ပြည်သူလူထုက ကယ်တင် စောင့်ရှောက်ခဲ့ကြောင်း ပြောကြားသည်။ နမ်းနိန်ရွာ သတ်ဖြတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မတ်လ ၁၆ရက်က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ဦးခွန်မြင့်ထွန်းက ထိုအချက်ကို ထည့်သွင်းပြောဆိုခဲ့သည်။
မွန်မြတ်ပြီးအများအတွက်တိုက်ပွဲဝင်နေသော ရဲဘော် များ၊ခေါင်ဆောင်များကို ယုံကြည်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်အောင်မြတ်က ပြောကြားသည်။
ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက လည်း မတ်လ ၁၆ ရင်ကပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဦးအောင်ခမ်းထီ နာယက အဖြစ်တာဝန်ယူထားသည့် PNO/PNA အနေနဲ့ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ရပ်များကို ပြန်လည်သုံးသပ်ရန်လည်းတိုက်တွန်းခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် PNO/PNA နှင့် ပအိုဝ်းပြည်သူတွေအပေါ် တလွဲအသုံးချနေကြောင်း၊ ပအိုဝ်းအချင်းချင်းကြားသော်လည်းကောင်း၊ ပအိုဝ်း နှင့် ကရင်နီအကြား၊ ပအိုဝ်းနှင့် အခြားတိုင်းရင်းသားများအကြား သွေးခွဲနေခြင်းဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။ ပအိုဝ်းပြည်သူများအနေဖြင့် အာဏာသိမ်းစစ်တပ်၏ လိမ်ညာဝါဒဖြန့်တာတွေကို မယုံကြရန်လည်း ၎င်းက ပြောသည်။
PNOသည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး ရှမ်းကယားနယ်စပ် စစ်ဆင်ရေးများ၌ ပါဝင်လျက်ရှိရာ နမ်းနိမ်ရွာသို့လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတွင်လည်း PNO မှ အထူးကွန်မန်ဒိုတပ်ဖွဲ့ ဝင် ၅၀ ဦးပါဝင်ကြောင်းလည်း KNDFကပြောကြားထားသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်ကစ၍ ကရင်နီ(ကယား) ပြည်နယ် အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်ကောင်စီတပ်က စစ်မျက်နှာ (၄) ခုဖွင့်ကာစုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေသည်။ထိုအနက် ပင်လောင်းမြို့ စစ်မျက်နှာ၌ PNO၊PNAပြည်သူ့စစ် က စစ်ကောင်စီနှင့်အတူ ပူးတွဲ တိုက်ခိုက်ပါဝင်နေသည်။
ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကို ကရင်နီတပ်ပေါင်းစုက စနစ်တကျခုံခံတိုက်ခိုက်နေရာ စစ်တပ်သေဆုံး၊ဒဏ်ရာရသူများစွာဖြင့်အထိနာနေသည်။
