ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းဒေသများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီက Y-12 နှင့် ဂျက်ဖိုက်တာလေယာဥ်နှစ်စီး အသုံးပြုပြီး ကလေးမြို့နယ်တောင်ပိုင်းရှိ တင်သား၊ ကြံသာ နှင့် ဆည်တောကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
“မနေ့ကလည်းကြဲတယ်။ ဒီနေ့ကတော့ တစ်မနက်လုံး Y12 တွေနဲ့ ဂျက်ဖိုက်တာတွေနဲ့အလှည့် ကျကြဲနေတာ” ဟု ကလေးမြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြော သည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၁ရက်ညပိုင်းက ကလေး – ဂန့်ဂေါလမ်းပိုင်းတွင် အရေးပါသည့် ကမ္ဘားနီမြစ်ကူးတံတားအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် စစ်ကောင်စီကလေကြောင်းအသုံးပြု၍ စစ်ကူခဲ့ရကြောင်း ၎င်းက အသိပေးသည်။
ဒေသတွင်း စစ်ရေးလေ့လာသူနှင့် စစ်ရှောင်အရေး ကူညီနေသူ၏ အချက်အလက်အရ ယမန်နေ့(ဖေ ဖော်ဝါရီ ၁၂ ရက်)နှင့် ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)နေ့လည်ပိုင်းအထိ စစ်ကောင်စီက လေကြောင်းဖြင့် အနည်းဆုံး ဗုံးအလုံးရေ ၁၀၀ အသုံးပြုထားသည်ဟုလည်း သိရသည်။
လက်ရှိစစ်ရေးအခြေအနေနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်နေမှုအပေါ် ကလေးမြို့အခြေစိုက်တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် ကလေးမြို့အခြေပြု တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ တာဝန်ရှိသူက “အချိန် ခနေစောင့်ပေးပါ။ ဖြစ်စဉ်အကုန်လုံး အသေး စိတ်ချပြပါမယ်”ဟု ဖေဖော်ဝါရီ ၁၂ရက်တွင် လူထုနွေဦးသို့ ပြောထားသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကမ္ဘားနီတံတားအနီးရှိ စစ်ကောင်စီစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ဒေသခံကာကွယ်ရေးတပ်များ ယာယီထိန်းချုပ်နိုင်ခဲ့ပြီး ယမန်နှစ် ဖေဖော်ဝါရီတွင် စစ်ကောင်စီ၏ အင်အားသုံးထိုးစစ်ဆင်မှုကြောင့် ပြန်လည်စွန့်ခွာခဲ့ရ ခြင်းဖြစ်သည်။
ပေ ၆၀၀ခန့်ရှိသည့် ကမ္ဘားနီတံတားသည် ၁၉၉၇ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တံတားအသစ် ပြန် လည်တည်ဆောက်ခဲ့သည်။ ကလေးမြို့နယ်၊တောင်ပိုင်း ဆည်တောရွာအနီးတွင်တည်ရှိပြီး ကလေး-ဂန့်ဂေါလမ်းမ၏မိုင်တိုင် ၅၁ တွင် တည် ရှိသည်။
ကလေးမြို့တောင်ဘက်နှင့် ဆက်စပ်နေသည့် ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေရာများ၊ လက်အောက်ခံ ကျေးရွာများကို တိုက်ခိုက်မည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခင်လ ကစ၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအနက် ဇန်နဝါရီ ၃၁ ရက်ညပိုင်းက တင်သားကျေးရွာနှင့် ကုက္ကိုလ် ကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်နှင့် အမျိုးသမီး ၉ဦးသေဆုံးကာ ၃၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
ထို့အတူ ရေရှင်၊အင်းကျွန်း၊ ကျောက်ဆည်၊ ကုက္ကိုလ်၊ရှားတော၊ နွားရွာ၊ တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း၊ မင်းလှ၊ ရှားဖို၊ မှန်တော၊ အောင်မဂ်လာ နှင့် ဆည်တော ရွာများမှ ဒေသခံတစ်သောင်းဝန်းကျင်မှာ စစ်ရှောင်နေရသည်။
