သုည/People’s Spring
ရန်ကုန်မြို့ ၊ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် သန်ခေါင်စာရင်း လိုက်လံကောက်ယူသည့် ရာအိမ်မှူး အပါအဝင် သုံးဦးကို အိမ်ရှင်အမျိုးသားက ဓာတ်ဆီနှင့်ပက်၍ မီးရှို့တိုက်ခိုက်မှု ယမန်နေ့ (ဖေဖော်ဝါရီ ၁၂)က ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

ယင်းဖြစ်ရပ်ကြောင့် ရာအိမ်မှူး အမျိုးသားတစ်ဦး၊ ဆယ်အိမ်မှူးနှင့် အကူဝန်ထမ်း အမျိုးသ မီး နှစ်ဦးတို့ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေါပုံမြို့နယ်ရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။
“ဖြစ်တာက မနေ့က နေ့လည် ၁ နာရီလောက်က ဖြစ်သွားတာပါ။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ အကူမိန်းကလေး တစ်ယောက်က ဓမ္မရိပ်သာလမ်းသွယ်ကို သန်းခေါင်စာရင်း သွားကောက်ရင်း ဖြစ်တာလို့ သိရတယ်။ အိမ်ရှင်အမျိုးသားက ရာအိမ်မှူးအဖွဲ့ကို ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တာပါ။ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူး ၂ ယောက်ကတော့ တော်တော်ထိသွားတယ်။ ခေါင်းနဲ့ ခန္ဒာကိုယ်တစ်ခြမ်းလုံးနီးပါး မီးလောင်ဒဏ်ရာ ရသွားတယ်။ အမျိုးသမီးငယ်ကတော့ ခြေ ထောက်လောက်ပဲ ထိသွားပါတယ်” ဟု ဒေါပုံမြို့နယ်ရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

Public Service Announcement
ရာအိမ်မှူးနှင့်အဖွဲ့ကို ဓာတ်ဆီနှင့်ပက် မီးရှို့ခဲ့သည့် အိမ်ရှင်အမျိုးသားမှာမူ ထွက်ပြေးလွတ် မြောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
“အခုက သန်းခေါင်စာရင်း အကြောင်းပြပြီး စစ်မှုထမ်းဖို့ကို လိုက်ဆွဲဖို့ လုပ်နေတာပါ။ အိမ်ရှင်က မခံနိုင်တော့ ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့တာ လုပ်တယ် ထင်ပါတယ်။ ဖြစ်ပြီးပြီးချင်း တန်းထွက်ပြေးသွားတာဆိုတော့အိမ်ရှင်အမျိုးသားလွတ်သွားပါတယ်” ဟု ဒေါပုံမြို့နယ်နေပြည်သူတစ်ဦးက ဆိုသည်။
အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှင့် အုပ်ချုပ်ရေးမှူး အများအပြားရောက်ရှိလာပြီးဒေါပုံမြို့နယ် ကြည်စုရပ်ကွက်အတွင်း ဧည့်စာရင်းစစ်၍ လူရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံပြည်သူများကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်မှု နှင့် စီမံခန့်ခွဲမှုများကြောင့် ပြည်သူများမှာ ဘက်ပေါင်းစုံကြပ်တည်းမှု နှင့် ရင်ဆိုင်မေရသလို ၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်များမှာ အဓမ္မစစ်သားသစ်စုဆောင်းခံရပြီး စစ်သင်တန်းတက်ခိုင်း၍ ရှေ့တန်းပို့ စစ်တိုက်ရမည့် အန္တရာယ်ကြီးလှသောအခြေအနေကို ရင်ဆိုင်နေကြရခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၉ ရက်နံနက်အစောပိုင်းကလည်းဒေါပုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသောလူငယ်လေးဦး ကအချုပ်ခန်းသော့ ဖျက်ပြီးထွက်ပြေးလွတ်မြောက်သွားခဲ့သည်။စစ်ကောင်စီရဲများက စျေးများ၊လမ်းမများပေါ်တွင် လိုက်လံရှာဖွေခဲ့သော်လည်းလူငယ် ၄ ယောက်မှာထွက်ပြေးလွတ်မြောက်ခဲ့သည်။စစ်ကောင်စီက လူငယ်များကို အကြောင်းတစ်ခုခုပြဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းလေ့ရှိသဖြင့် စစ်သားအဖြစ်အဓမ္မစုဆောင်းမခံရစေရန် ထွက်ပြေးခြင်းဖြစ်နိုင်ကြောင်းပြည်သူအချို့ကပြောသည်။
