close
Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးကဏ္ဍဦးစားပေးနေရ၍ နိုင်ငံ့ဝန်ထမ်း CDM များအား အပြည့်အ၀မပံ့ပိုးပေးနိုင်ခဲ့မှုအပေါ် နားလည်ပေးရန် NUG ခေါင်းဆောင်များ မေတ္တာရပ်ခံ

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်မှု စစ်ရေးကဏ္ဍကို ပထမဦးစားပေး လုပ်ဆောင်နေရခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်း CDM များအပေါ်အပြည့်အ၀ ထောက်ပံ့ကူညီပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သည့်အပေါ် နားလည်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မေတ္တာရပ်ခံခဲ့သည်။

ဓာတ်ပုံ - PS

ဟန်နွေ/People’s Spring

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်မှု စစ်ရေးကဏ္ဍကို ပထမဦးစားပေး လုပ်ဆောင်နေရခြင်းဖြစ်၍ နိုင်ငံ့ဝန်ထမ်း CDM များအပေါ်အပြည့်အ၀ ထောက်ပံ့ကူညီပံ့ပိုးမှု မပြုလုပ်နိုင်ခဲ့သည့်အပေါ် နားလည်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က မေတ္တာရပ်ခံခဲ့သည်။

CDM လှုပ်ရှားမှု (၄)နှစ်ပြည့် အထိန်းအမှတ်အဖြစ် ယနေ့(ဖေဖော်ဝါရီ ၈ရက်)တွင် အကြမ်းမဖက် အာဏာဖီဆန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း CDMသူရဲကောင်းများအား ဂုဏ်ပြုပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ ယာယီသမ္မတ နှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့က ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့သည်။

တော်လှန်ရေးအင်အားစုများဘက်က အထိအခိုက်များခဲ့ ပေးဆပ်မှု များခဲ့သည့် နွေဦးတော်လှန်ရေးကို အောင်ပွဲများရရှိအောင် ကြိုးစားရာ၌ CDM လှုပ်ရှားမှုများထဲက ပြည်သူ့ဘက်တော်သားများ၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှု သည် ကြီးမားသည့် ကဏ္ဍက ပါဝင်နေကြောင်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရဟာ တော်လှန်ရေးအစိုးရတရပ်ဖြစ်၍ အားနည်းချက် အားသာချက်ဒွန်တွဲနေကြောင်း၊ လက်ရှိတွင် ခုခံတော်လှန်ရေးကိစ္စ၌ အရေးပေါ် ဦးစားပေးလုပ်ဆောင်ရခြင်းများ ကြောင့် CDM လှုပ်ရှားမှု၌ ပါဝင်သူအားလုံးအပေါ် လိုလေသေးမရှိ အပြည့်အ၀ မကူညီနိုင်ခဲ့ခြင်းကို ဝန်ခံကြောင်း ယာယီသမ္မတက ပြောသည်။

ယင်းကဲ့သို့ မကူညီနိုင်ခဲ့ခြင်းအတွက် အစိုးရ တဖွဲ့လုံးအနေဖြင့်လည်း အားမလို အားမရ ဖြစ်မိကြောင်း ၎င်းက ပြောသည်။

“ဒီနေ့အခမ်းအနားကနေ ပြည်သူတရပ်လုံးကို မေတ္တာရပ်ခံလိုတာကတော့ CDM ဝန်ထမ်းတွေအပေါ် ကျနော်တို့ဘက်က အပြည့်အ၀ မကူညီနိုင်ခဲ့တာတွေ ရှိခဲ့တယ်ဆိုရင် နားလည်ပေးဖို့ ကျနော့်အနေနဲ့ အထူးမေတ္တာရပ်ခံကြောင်း ပြောကြားလိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားသည်။

လေးနှစ်တိုင် မလျှော့သော ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်နေသည့် CDM သူရဲကောင်းအားလုံးကို ဦးညွှတ်အလေးပြုကြောင်းလည်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း CDM နိုင်ငံ့ဝန်ထမ်းများအတွက် လုံခြုံရေးကိစ္စ၊ အရေးပေါ် လိုအပ်ချက်နှင့် အခြားအထောက်အပံ့များ ပေးနိုင်ရန် အလေးထား ဆောင်ရွက်ခဲ့သော်လည်း CDM နိုင်ငံဝန်ထမ်းများအား လုံလောက်စွာ မထောက်ပံ့နိုင်မှုအပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသည်။

“ပြည်သူ့နွေဦးတော်လှန်ရေး၏ လိုအပ်ချက်အရ စစ်ရေးကဏ္ဍအတွက် အများအပြား သုံးစွဲရတာဖြစ်တဲ့အတွက် CDM နိုင်ငံ့ဝန်ထမ်းများအပါအဝင် လူသားချင်းစာနာထောက်ထားမှု ကဏ္ဍတွေကို ဒုတိယ ဦးစားပေးအနေနဲ့သာ စီမံဆောင်ရွက်ရတဲ့ အခြေအနေကို ကျနော်တို့ အစိုးရ အနေနဲ့ ရိုးသားစွာ တင်ပြလိုပါတယ်။ အခြေအနေကိုလည်း နားလည်ပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

CDM လှုပ်ရှားမှုသည် စွန့်လွှတ်မှုပေါင်းများစွာဖြင့် မတရားမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှု ဖြစ်ကြောင်း၊ ရာထူးဌာနစွန့်ခွာရခြင်း၊ မိသားစုစွန့်ခွာရခြင်း၊ နေအိမ်များ အဆုံးရှုံးခံရခြင်းအပြင် အသက်အန္တရာယ်ကိုပင် စွန့်လွှတ်ရသည်အထိ စွန့်လွှတ်မှုပေါင်းများစွာဖြင့် စတေးပါဝင်ကြရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ CDM ဝန်ထမ်းများအနေဖြင့် တော်လှန်ရေးအတွက် ကျရာကဏ္ဍမှ ဆက်လက်ကြိုးစားပါဝင်ပေးကြပြီး အနာဂတ်နိုင်ငံတော် ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်ဝန်ကြီးချုပ်က ပြောကြားသည်။

၂၀၂၅ ခုနှစ်ကို အပြောင်းအလဲ အကြီးအကျယ် ဖော်ဆောင်မည့်နှစ်ဟု ရည်မှန်းထားပြီး စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် လူထုဆက်ဆံရေး ပြည်သူလူထု ပါဝင်သော အုပ်ချုပ်ရေး စသည့် ကဏ္ဍများ အတိုင်း စနစ်တကျ လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဝန်ကြီးချုပ်က သတင်းစကား ပါးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာန နှင့်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက လက်ရှိတွင် CDM လေးသိန်းကျော်ရှိကြောင်း ပြောပြသည်။

“တချို့က ပေါ်ပေါ်တင်တင်ရှိသလို တချို့က ပုန်းရှောင်နေကြရတာဖြစ်ပါတယ်။ နေရာအသီးသီးမှာ ရှိနေတာဖြစ်ပါတယ်။ လေးနှစ်ပြည့်တဲ့အထိ လစာ တပြားတချပ်မှ မယူဘဲ ဒီနေ့အထိ တော်လှန်ရေးမှာ အသက်သွေး၊ ချွေးနဲ့ ဘ၀တွေ သူတို့ရဲ့ ဘ၀တွေသာမက သူတို့ မိသားစုတွေရဲ့ ဘ၀တွေကို ပေးဆပ်ပြီး ပြည်သူ CDMတွေနဲ့အတူတူ ၊ ပုဂ္ဂလိကလုပ်ငန်း CDMတွေနဲ့အတူတူ ကျောင်းသား CDMတွေနဲ့အတူတူ အနုပညာရှင် CDMတွေနဲ့အတူတူ စစ်၊ ရဲ CDMတွေနဲ့အတူတူ အာဏာရှင်ကို တော်လှန်နေကြတာဖြစ်ပါတယ်။ CDMများဟာ တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ တက်ကြွစွာ ပါဝင်နေကြဆဲဖြစ်ပါတယ်။ ပါဝင်နေကြတာဖြစ်ပါတယ်။ ပါဝင်နေကြအုံးမှာ ဖြစ်ပါတယ်။” ဟု ဒေါက်တာဇော်ဝေစိုးက ပြောပြသည်။

အဆိုပါ အခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဥက္ကဋ္ဌ ခူဦးရယ်လည်း တက်ရောက်ခဲ့ရာ ကရင်နီပြည်နယ်တွင် CDM ပြုလုပ်သူ အားကောင်းခဲ့ပြီး ယနေ့အထိလည်း CDM ခေါင်းဆောင်များသည် အခက်အခဲပေါင်းများစွာကို အံတုရုန်းကန်ရင်း နိုင်ငံတော်အသစ်၊ စနစ်သစ်အတွက် ဆက်လက် တိုက်ပွဲဝင် အလုပ်လုပ်နေကြကြောင်း အသိပေးသည်။

“ဒါတွေဟာ ကရင်နီပြည်တပြည်တည်းအတွက် ဂုဏ်ယူစရာမဟုတ်ဘဲ အနာဂတ် နိုင်ငံတော်သစ်အတွက်လည်း အားလုံးက ဂုဏ်ယူဝမ်းမြောက်စရာ အင်အားကြီးတခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ကျနော်တို့ ကရင်နီ CDM ခေါင်းဆောင်တွေဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ ဌာနများအသီးသီးမှာလည်း မိမိတို့ ကျွမ်းကျင်မှုများအတိုင်း တာဝန်ကိုယ်စီထမ်းဆောင်ရင်းဂုဏ်ယူဖွယ်ရာ ဆက်လက်လျှောက်လှမ်းနေကြပါတယ်။ အခြားသော ပြည်နယ်များမှာလည်း ထိုနည်းတူ တိုင်းပြည်အတွက် ပေးဆပ်တိုက်ပွဲဝင်နေကြတဲ့ CDMခေါင်းဆောင်များစွာရှိနေတာကို ကြားသိရတဲ့အတွက် ကျနော့်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ရင်း တန်ဖိုးထားလေးစားမိပါတယ်။”ဟု ခူဦးရယ်က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ အရောက်လှမ်းရာ စစ်အာဏာရှင်စနစ်ဆိုးကို ဖြိုချပြီး လူမျိုးတိုင်း တန်းတူရည်တူ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်နိုင်မည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြင့် အစားထိုးနိုင်ရေး လုပ်ဆောင်လျှက်ရှိဟု ၎င်းက ဆိုသည်။ လက်ရှိ တည်ဆောက်နေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ယန္တရား၌ CDM ခေါင်းဆောင်များ အယောက်စီတိုင်း၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာသည် ကြီးမားမွန်မြတ်၍ မိမိကိုယ်ကိုယ် တန်ဖိုးထား ထိန်းသိမ်းပြီး တိုင်းပြည်အတွက် ဟန်ချက်ညီ အလုပ်လုပ်ပေးကြရန်လည်း KNPPဥက္ကဋ္ဌက တိုက်တွန်းခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် CDM ပြုလုပ်ပါဝင်ကြရန် ရန်ကုန်မြို့ဗဟိုဘဏ်ရှေ့၌ လူငယ်များက လှုံ့ဆော်ဆန္ဒပြနေသည်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ်။(ဓာတ်ပုံ – PS)

ဆက်စပ်သတင်းများ

သတင်း

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)အနေဖြင့် ယခုကာလမှစ၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းလာသည်အထိ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို ပြည်ထောင်စုတဝှမ်း ကျင့်သုံးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

သတင်း

ပသုံးလုံး ပြုပြင်ပြောင်းလဲရေး လက်မနှေးသင့်၊ အလုပ်ဖြစ်ရုံပြောင်းလဲခြင်းထက်ပိုသင့်ဟု သတိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အစိုးရအဖွဲ့ဝင်များအနေဖြင့် အပြောနှင့် အလုပ်ညီအောင် လုပ်ဆောင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့(ဇန်နဝါရီ ၇ရက်) ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် CDM လုပ်ပြီးနောက် ပြည်သူ့စစ်သားPDF အဖြစ် တာဝန်ထမ်းဆောင်နေ​သော ရဲတပ်သားဟောင်းတစ်ဦးအား ဆုငွေချီးမြှင့်ခဲ့သည်။