ရဲခေါင်/People’s Spring
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ကျပ်သုံးဘီလီယံ လျော့၍ ရောင်းချရန် ရန်ကုန်မြို့ ၊ကမာရွတ်မြို့နယ်တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ ပါဝါ ၅၄ ဟု လူသိများသောရန်ကုန်မြို့ ၊တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်ကို စစ်ကောင်စီက ပထမအကြိမ် ကျပ်ငွေ (၃၁၅)ဘီလီယံ နှင့် ဒုတိယတစ်ကြိမ် (၃၀၀) ဘီလီယံဖြင့် လေလံ တင်ရောင်းချခဲ့သော်လည်း ဝယ်ယူခဲ့သူမရှိခဲ့ပေ။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အကို ဦးအောင်ဆန်းဦးက လေလံစျေးလျှော့ချသတ်မှတ်ပေးရန် လျှောက်ထားခဲ့ပြီးနောက် ကျပ် ၂၉၇ ဘီလီယံ ဖြင့် ထပ်မံလေလံတင်ခွင့်ကို ကမာရွတ်တရားရုံးက ချမှတ်ခဲ့သည်။

Public Service Announcement
“ဒီလ ဒုတိယပတ်က အမိန့်ချလိုက်တာ။လေလံရောင်းမယ့်ရက်က နောက်လ(ဖေဖော်ဝါရီ) ၆ ရက်နေ့”ဟု ကမာရွတ်မြို့ နယ်တရားရုံးနှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်အာဏာသိမ်းသည့်နေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ခြံအမှတ် ၅၄ အမွေအမှုအတွက် ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးအနိုင်ပေးခဲ့သည်။ထို့နောက် စစ်ကောင်စီက ဦးအောင်ဆန်းဦးကို အိမ်နှင့်ခြံကိုပါလေလံပစ်ခွင့်ပြုခဲ့သည်။
၂၀၂၄ ခုနှစ်မတ်လ ၂၀ ရက်တွင် ပထမအကြိမ်(၃၁၅)ဘီလီယံ နှင့် ၂၀၂၄ သြဂုတ် ၁၅ ရက်နေ့တွင် ဒုတိယအကြိမ် (၃၀၀) ဘီလီယံဖြင့် စစ်ကောင်စီက လေလံပစ်ခဲ့သော်လည်း လေလံဆွဲသူမရှိခဲ့ပေ။
ခြံအမှတ် (၅၄) တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Ban Ki-moon၊ အမေရိကန်သမ္မတ ဟောင်း Barack Obama၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအရ အရေးပါသည့် သမိုင်းဝင် အဆောက် အဦးဖြစ်သည်။
ထို့အတူ ခြံအမှတ် ၅၄ ခြံသည် ယဉ်ကျေးမှု အမွေ အနှစ်အဖြစ် သတ်မှတ်ထားသောကြောင့် မည်သူတဦးတယောက်မှ ရောင်းချခြင်း၊ ရောင်းချရန် ကြိုးစားခြင်း၊ ဖျက်ဆီးခြင်း၊ ဖျက်ဆီးရန် ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း မပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြေညာထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လာရောက်စဥ် က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူတွေ့ခဲ့ရစဥ် /၂၀၂၄ သြဂုတ် ၁၅ ရက်တွင် အိမ်အမှတ် ၅၄ အဝင်ဝကိုတွေ့ရစဥ်။ ဓါတ်ပုံ- EPA ၊ Getty Images
