တေဇ/People’s Spring
၂၀၂၅နှစ်သစ်၏ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများထံ အလင်းဝင်သူ ၂၉ဦးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။
“တစ်နိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေနဲ့လည်းဆိုင်မယ်ထင်ပါတယ်။ လက်ရှိနေရာအနှံ့မှာဖြစ်ပွားနေတဲ့ စစ်ပွဲတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကတော့ အရှုံးကြီးရှုံးနေတဲ့ အနေအထားပေါ့။ အဲဒါကြောင့် အခြေအနေမှန်ကို နားလည်သဘောပေါက်လာတဲ့ စစ်တပ် ရဲတွေ အလင်းဝင်းလာသူတွေပိုပြီးများလာတဲ့သဘောလို့မြင် တယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ဇန်နဝါရီ ၂ ရက်တွင် ဂန့်ဂေါခရိုင် တပ်ရင်း(၂)ထံ ဆောမြို့နယ်ရဲစခန်းမှ ရဲတစ်ဦး လက်နက်များဖြင့် အလင်းဝင်လာခဲ့ပြီး ဇန်နဝါရီ ၆ရက်တွင် လည်း ဂန့်ဂေါခရိုင် တပ်ရင်း(၃)နှင့် (၄)ထံသို့ စစ်သားငါးဦး လက်နက်များဖြင့် အလင်းဝင်ခဲ့သည်။

Public Service Announcement
ဇန်နဝါရီ ၇ ရက်တွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်သား ၁၆ ဦးသည် လက်နက်များနှင့်အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံအလင်းဝင် ရောက်လာခဲ့သည်။
ထို့အပြင် ဇန်နဝါရီ ၉ရက်တွင် ဂန့်ဂေါခရိုင် တပ်ရင်း(၃)ထံ ဆောမြို့နယ်ရဲစခန်းမှ ရဲတစ်ဦး လက်နက်များဖြင့် အလင်းဝင်ခဲ့ပြီး ယင်းနေ့၌ပင် ပခုက္ကူခရိုင် တပ်ရင်း(၈)သို့ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ စစ်သားနှစ်ဦး လက်နက်များနှင့် အလင်းဝင်ခဲ့သည်။
ဇန်နဝါရီ ၁၀ရက်တွင် ရွှေဘိုခရိုင် တပ်ရင်း(၂) ထံခမရ-၁၃မှ စစ်သားနှစ်ဦး လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ခဲ့ပြီး ဇန်နဝါရီ ၁၁ရက်တွင် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)၊ ဗျူဟာ (၃၃) ဒေါနတပ်ရင်းထံ စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းခံရသော ခမရ(၅၅၉) တပ်ရင်း၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားနှစ်ဦး လက်နက်များဖြင့် အလင်းဝင်ခဲ့သည်။
ဇန်နဝါရီ ပထမနှစ်ပတ်အတွင်း အလင်းဝင်လာသည့် စစ်သားနှင့် ရဲ ၂၉ဦးထံမှ MA–1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3 (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တော်လှန်ရေးအင်အားစုများထံ အလင်းဝင်ပါက အသတ်ခံရနိုင်သည်ဟု စစ်ကောင်စီအသိုင်းအဝိုင်း၌ ဝါဒဖြန့်ထားသည်ဟု အလင်းဝင်လာသူများထံမှသိရပြီး ယခုနောက်ပိုင်းတွင် ဆုချီးမြှင့်သည့် အစီအစဉ်အပါအဝင် အခြားရပိုင်ခွင့်များလည်းပေးသည် ကိုနားလည်လာသလို အတင်းအဓမ္မ စစ်သားစုဆောင်းသည့် ကိစ္စများကြောင့် အလင်းဝင်လာသည့် အရေအတွက်များလာသည်ဟုထင်မြင် ကြောင်း ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။



















































