အီယိုရီ/People’s Spring
အာဏာသိမ်းစစ်ကောင်စီကို စောင့်ကြည့်ရေးဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလုပ်ဆောင်နေ၍ Mytel ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ကြောင်း ကြေညာလိုက်သည်။
အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုနှင့်လုံခြုံရေးဗျူရိုက မြန်မာနိုင်ငံမှ စစ်တပ်ပိုင် Mytel ကုမ္ပဏီ၊ တရုတ်နည်းပညာကုမ္ပဏီ ၁၁ ခုနှင့် ပါကစ္စတန်နည်းပညာကုမ္ပဏီတစ်ခုတို့ကို ဒဏ်ခတ်အရေးယူကြောင်း ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။
မြန်မာစစ်တပ်နှင့် ဗီယက်နမ်ကုမ္ပဏီ Viettle တို့စပ်တူပိုင်ဆိုင်သော Mytel ဆက်သွယ်ရေးကုမ္ပဏီသည် စောင့်ကြည်ရေးဝန်ဆောင်မှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ ပေးနေပြီး ယင်းလုပ်ဆောင်မှုများက ၎င်းတို့ကွန်ယက်အသုံးပြုသော ပစ်မှတ်ထားခံရသူ တစ်ဦးချင်း နှင့် အဖွဲ့လိုက်ကို ခြေရာခံဖော်ထုတ်ခြင်းများမှတဆင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နိုင်သည်ဆိုကာ အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း အမေရိကန် စက်မှုနှင့် လုံခြုံရေးဗျူရိုက ထုတ်ပြန်သည်။

Public Service Announcement
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း Mytel ဆက်သွယ်ရေးကုမ္ပဏီကို ပြည်သူလူထုက သပိတ်မှောက်ဆန့်ကျင်မှုများရှိခဲ့ပြီး Justice For Myanmar ကလည်း Mytel သည် စစ်တပ်ကိုအကျိုးပြုသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်းနှင့် မြန်မာပြည်တွင်း ဥပဒေများကိုလည်း အလေးထားခြင်းမရှိကြောင်း ဖော်ထုတ်ရေးသားခဲ့သည်။
“Mytel ဟာ စစ်ခေါင်းဆောင်ပိုင်းကို ငွေပိုရှာပေးတဲ့ လုပ်ငန်းပါ။ စစ်ဆင်ရေးကိုလည်း Mytel စနစ်က အထောက်အကူပေးနေပါတယ်။ တကယ်တော့ Mytel သုံးစွဲသူတွေဆီက ရတဲ့ငွေနဲ့ စစ်အာဏာရှင်စနစ်ကို ကျားကန်နေတာဖြစ်ပါတယ်”ဟု Justice For Myanmar က ဆိုသည်။
Mytel ဆက်သွယ်ရေးကုမ္ပဏီကို မြန်မာစစ်တပ်၏ ဦးပိုင်ကုမ္ပဏီနှင့် Star High ကုမ္ပဏီတို့က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettle ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း သိရသည်။
