ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ ထွက်ပြေးလာသော စစ်သားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ချောင်းဦးပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၂၆ ရက်က မုံရွာမြို့ ရှိ နမခမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသည် ထွက်ပြေးလာခဲ့ရာ မုံရွာမြို့နယ်တနေရာ၌ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသော တော်လှန်ရေးအဖွဲ့များနှင့်တိုး၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးထံမှMA-5 Pistol ၁လက်၊ ၉မမ ကျည် ၉တောင့်၊ 380Bullet ၁တောင့် နှင့် Pistol အိတ် ၁ခုတို့ကို သိမ်းဆည်းခဲ့ကြောင်း ချောင်းဦးပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“ကနဦးထွက်ဆိုချက်အရတော့ တပ်သားလို့ပြောတာပဲ။ ဒါပေမယ့် သူတို့ပါလာတဲ့လက်နက်အရ တပ်သားဆိုတာတော့ အတည်ပြုဖို့ခက်ခဲတယ်”ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

ဖမ်းဆီးရမိသူစစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးအား နယ်မြေခံဖြစ်သော မုံရွာမြို့နယ် ပကဖ ထံသို့ ဖုန်းတစ်လုံးနှင့်အတူ အပ်နှံထားကြောင်း ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့က အသိပေးသည်။
ထိုတပ်ဖွဲ့ဝင်နှစ်ဦးအား ချောင်းဦး ပကဖ တိုက်ခိုက်ရေး တပ် CHU PDF တပ်ဖွဲ့(၁) ၊ Special Force 11 LPDF ၊ ဒိတ်ဒိတ်ကြဲ LPDF အဖွဲ့ တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၂၄ ရက်ကလည်း ကျောက်ဆည်မြို့နယ်ရှိ အဆင့်မြင့်ဆက်သွယ်ရေးတပ်မှ စစ်ကောင်စီတပ်သားတစ်ဦး တပ်မှ ထွက်ပြေးပြီး စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ခဲ့သေးသည်။
ထို့အပြင်ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၃၃ဦးသည် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၆ရက်က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ၃၃ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံ လာသူများလည်းရှိပြီး လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟုဆိုသည်။
နိုဝင်ဘာအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၂၀)လက်ရှိပြီး ခဲယမ်း မီးကျောက်များ လည်း ပါဝင်ကြောင်း အသိပေးထားသည်။
