close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူထံလက်နက်ချပြီး ကျူးလွန်သည့်စစ်ရာဇဝတ်မှုများ စစ်ကောင်စီတာဝန်ခံရမည်ဟု TNLA ထပ်လောင်း ပြောကြား

စစ်ကောင်စီအား အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်ခုခံတော်လှန်တိုက်ခိုက်မည်ဟု အသိပေး

သီပေါမြို့ကို စက်တင်ဘာ ၂၈ ရက်မှ ၃၀ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

တော်လှန်ရေးအင်အားစုများအနေဖြင့် လက်နက်စွန့်ပြီး ပါတီနှင့်ရွေးကောက်ပွဲ လမ်းကြောင်းမှ နိုင်ငံရေးပြဿနာဖြေရှင်းရမည်မဟုတ်ဘဲ စစ်ကောင်စီအနေဖြင့် ပြည်သူလူထုထံလက်နက်ချပြီး ကျူးလွန်ခဲ့သည့်စစ်ရာဇဝတ်မှုများအတွက် တာဝန်ခံရမည်ဟု တအာင်းတပ်မတော် (PSLF/TNLA) သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

TNLA၏ စက်တင်ဘာထုတ် လစဉ်စာစောင်ကို အောက်တိုဘာ ၂ရက်က ဖော်ပြရာ အယ်ဒီတာ့အာဘော်ကဏ္ဍတွင် စစ်ကောင်စီက စက်တင်ဘာ ၂၆ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို ယခုကဲ့သို့ ထပ်လောင်း တုံ့ပြန်ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ လက်နက်စွန့်ပြီး ပါတီနှင့်ရွေးကောက်ပွဲလုပ်မည့် စစ်ကောင်စီ၏ လမ်းကြောင်းသည် မြန်မာ့နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ဟုဆိုကာ EAOs နှင့် PDF များကို လက်နက်စွန့်ပြီး ပါတီနှင့်ရွေးကောက်ပွဲလမ်းကြောင်းမှ တစ်ဆင့်ဖြေရှင်းရန် ဖိတ်ခေါ်ခဲ့ကြောင်း၊ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအင်အားစု များက အာဏာရှင်ကိုဖြုတ်ချရန် နည်းလမ်းမျိုးစုံဖြင့် တော်လှန်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီအနေဖြင့် တပ်စခန်းကြီး/ငယ်များနှင့် မြို့များ လက်လွှတ်ဆုံးရှုံးခဲ့ရကြောင်း TNLAက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် ညီနောင်သုံးဖွဲ့နှင့်PDFများကို အကြမ်းဖက်ဟုကြေညာပြီး မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုကိုဦးတည်ကာ လေကြောင်းမှတဆင့် နေ့စဉ်နှင့်အမျှ ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ပြည်သူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရိုက်နှက်သတ်ဖြတ်ခြင်း စသည့် လူ့ အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခဲ့ကြောင်း TNLAက ဖော်ပြသည်။

ထိုကဲ့သို့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစသည့် အဖက်ဖက်မှပြိုလဲပျက်စီးပြီး ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ရွေး ကောက်ပွဲပြုလုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကာကွယ်ကာ ယခင် ရယူ ထားသည့် လွှတ်တော်တွင်း အမတ်နေရာ ၂၅ရာခိုင်နှုန်းကို ပြန်လည်ရယူနိုင်ရေး ရွေးကောက် ပွဲပြုလုပ်ရန် ကြံစည်နေခြင်းဖြစ်သည်ဟု TNLA ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။

TNLAသည် စစ်ရေး၊ နိုင်ငံရေးမျှော်မှန်းချက်ရောက်သည်အထိ စစ်ကောင်စီအား အမြစ်ပြတ်ကျရှုံးသည်အထိ ဆက်လက်ခုခံတော်လှန် တိုက်ခိုက်သွားမည် ဖြစ်သည်ဟုလည်း အဖွဲ့၏ သဘောထားကို အသိပေးထားသည်။

TNLA သတင်းပြန်ကြားရေးဌာန တာဝန်ခံ လွေးယေဦးက စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး People’s Spring၏ မေးမြန်းချက်အပေါ် ယခင်က ဖြေကြားထားရာ စစ်ကောင်စီ အပါအဝင် စစ်အာဏာရှင် အဆက်ဆက်သည် တစ်ဖက်တွင် ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီး တစ်ဖက်တွင် အကြမ်းဖက်မှုများ ကျူးလွန်နေကြောင်း ပြောသည်။

” ကျွန်မတို့ကတော့ ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီးတော့မှ ဆွေးနွေးဖြစ်ရင်တော့ နံပါတ်တစ် အချက်က အကြမ်းဖက်ကြေညာခြင်းကနေ ပြန်ဖျက်ရမယ်။ နံပါတ် နှစ်အချက်က စစ်ကောင်စီဘက်ကလည်း အကြမ်းဖက်မှုတွေ သူကျူးလွန်နေပါတယ်။အများပြည်သူရှေ့မှာ ဝန်ခံပြီးတော့မှ အာဏာတွေစွန့်လွှတ်ပြီးတော့မှ ငြိမ်းချမ်းရေးဘက် အဲဒီလိုမျိုးဆွေးနွေးတဲ့ပုံစံမျိုးဖြစ်လာရင်တော့ ကျွန်မတို့ဘက်ကလည်း ဒီဆွေးနွေးမှုက တစ်မျိုးတစ်ဖုံပြောင်းလဲမှာဖြစ်ပါတယ်။အာဏာစွန့်ပြီးတော့မှ သူမှားကြောင်း ၊သူပြစ်မှုတွေကျူးလွန်ပါကြောင်း ဝန်ခံပြီးမှပဲ ကျွန်မတို့ကဆွေးနွေးဖို့ အဲဒီလိုမျိုးဆိုရင်တော့ စဉ်းစားဖို့ရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

TNLA၏ မဟာမိတ်တပ်ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)ကလည်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်အား မည်သူမှ အယုံအကြည်မရှိဟု တုံ့ပြန်သည်။

” လက်နက်အားကိုးနှင့်ပြည်သူကိုနေ့တိုင်းအကြမ်းဖက်သတ်ဖြတ်နေတာက သူတို့ဖက်ဆစ်စစ်ကောင်စီဘဲ။ ဒါကြောင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအရဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဉ်ကိုပထမဆုံးစွန့်လွှတ်ရမှာက သူတို့ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဖြစ်တယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက People’s Spring ၏ မေးမြန်းချက်အပေါ် ဖြေကြားထားသည်။

” မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကိုဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး”ဟု ခိုင်သုခက ပြောသည်။

TNLA၊ AAနှင့် ကိုးကန့်တပ်မတော်(MNDAA) ညီနောင် မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာတွင် စတင်ဆင်နွှဲခဲ့ရာ ရှမ်းမြောက်နှင့် ရက္ခိုင်ဒေသများ၌ စစ်ကောင်စီတပ်စခန်း ရာနှင့်ချီ သိမ်းပိုက်ထားနိုင်ကာ မြို့ ၃၀ကျော်ကို ညီနောင်မဟာမိတ်တပ်များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ စစ်ကောင်စီအနေဖြင့် တပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများသာမက အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုပါ ညီနောင်သုံးဖွဲ့တွင် ပါဝင်သည့် MNDAAက သိမ်းပိုက်ထားနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)သိမ်းပိုက်အုပ်ချုပ်နေသည့် အထူးဒေသ(၁) နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် စစ်နယ်မြေမဟုတ်သော မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ သုံးလအတွင်း ဒေသခံပြည်သူ ၃၀ ဦးကျော် သေဆုံးကာ ၉၀ဦး ဒဏ်ရာရခဲ့ကြောင်း MNDAAက ယနေ့ ထုတ်ပြန်သည်။

Facebook