“မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်” — ခိုင်သုခ
စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ် လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။
စစ်ကောင်စီက စက်တင်ဘာ ၂၆ရက်တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက် အပေါ် AA အဖွဲ့၏ သဘောထားကို ဦးခိုင်သုခက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement
“လက်နက်အားကိုးနှင့်ပြည်သူကိုနေ့တိုင်းအကြမ်းဖက်သတ်ဖြတ်နေတာက သူတို့ဖက်ဆစ်စစ်ကောင်စီဘဲ။ဒါကြောင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအရဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံမှာလက်နက်ကိုင်လမ်းစဉ်ကိုပထမဆုံးစွန့်လွှတ်ရမှာက သူတို့ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဖြစ်တယ်။မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကိုဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး” ဟု ဦးခိုင်သုခက ပြောကြားသည်။
AAသည် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စတင်ခဲ့ရာ စစ်ဆင်ရေးတစ်နှစ်မပြည့်မီ ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင်ပြည်နယ်ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ သံတွဲ၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ထိုအပြင် မောင်တော၊ ဂွ၊ အမ်း၊ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရက္ခိုင်ပြည်နယ် တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AAက အသိပေးထားသည်။
စစ်ကောင်စီက အခြားဒေသများ၌လည်း စစ်ရေးအရ အထိနာလျက်ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်၊ စစ်ကိုင်း၊ ကရင်နီ၊ မကွေး စသည့် ဒေသများ၌လည်း တပ်စခန်းများ၊ နယ်မြေများ၊ မြို့များစွာကို လက်လွှတ်ဆုံးခဲ့သည်။
စစ်ကောင်စီအနေဖြင့်တစ်ဖက်တွင်နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေသကဲ့သို့ တစ်ဖက်တွင်လည်း စွန့်လွှတ်ထားရသည့် နယ်မြေ ၊ မြို့ရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲခဲ့၍ ဒေသခံပြည်သူများ သေဆုံး၊ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီ ၏ နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တအာင်းတပ်မတော်(TNLA)၊ မန္တလေးPDF ၊BPLA အပါအဝင် တော်လှန်ရေးအဖွဲ့များက အယုံအကြည်မရှိကြောင်း တုံ့ပြန်ထားသည်။
အကယ်၍စစ်ကောင်စီအနေဖြင့်နိုင်ငံရေးဆွေးနွေးလိုပါက အာဏာစွန့်ရန်၊ စစ်တပ်နိုင်ငံရေးကထွက်ခွာရန်၊ ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအား ဝန်ခံရန် စသည့် အချက်များ လက်ခံရန်လိုအပ်ကြောင်း အသိပေးထားသည်။
