ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ၏ အမြောက်တပ် (၂၀၆)တပ်စခန်းနှင့် တောင်းခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း (၉၀၂)တပ်စခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အသိပေးထုတ်ပြန်သည်။
ယနေ့ နံနက် ၉နာရီခွဲကျော်တွင် စစ်ကောင်စီ အမတ(၂၀၆)တပ်၌လည်းကောင်း၊ ညနေ ၄နာရီခွဲကျော်တွင် တောင်းခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း (၉၀၂) တပ်ခန်းနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ကို စစ်ကောင်စီက Jet Fighter ဖြင့် ဗုံး (၂)လုံး၊ မကျီးရေရွာရှိ အမတ (၃၅၄)တပ်စခန်းနှင့် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနေရာတွင် Y-12 ဖြင့် (၇)ကြိမ် ဗုံး(၆၀)လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။
ထို့အပြင် တောင်းခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂) တပ်စခန်းနေရာတွင် ထောက်ပို့ယာဉ် Y8 ဖြင့် (၈)ကြိမ် လက်နက်ခဲယမ်းများ (၄၅)ထုပ်လာရောက်ချခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

Public Service Announcement
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။
သို့သော် ယနေ့ည ထုတ်ပြန်ချက်တွင် အမတ (၂၀၆)တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။
