close
Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက်လုပ်သားများအပေါ် ဖိအားပေး ပြည်တွင်းငွေလွှဲခိုင်းသည့် အဖွဲ့အစည်းများအား အရေးယူမည်ဟု NUG သတိပေး

ရွှေ့ပြောင်းလုပ်သားများအပေါ် အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီအား အရေးယူပေးရန် ILOနှင့် နိုင်ငံတကာထံ တောင်းဆို

၂၀၂၂က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ထိုင်းရောက်မြန်မာလုပ်သား ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - Nattaphon Phanphongsanon (YhaYah)/FB

စောနွေဦး၊သတိုး/People’s Spring

မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ဖိအားပေး အကြပ်ကိုင်သွေးဆောင်ဖြားယောင်းပြီး မိသားစုထံငွေလွှဲခိုင်းသည့် အေဂျင်စီများ၊အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအကျိုးဆောင်များကို ထိရောက်စွာအရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊အလုပ်သမားဝန်ကြီးဌာနက ယနေ့ သတိပေးထုတ်ပြန်လိုက်သည်။

ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ၊နိုင်ငံသားများအပေါ် အကြမ်းဖက်စစ်အုပ်စု၏ အခွင့်အရေးချိုးဖောက်မှု၊ဖိနှိပ်နေမှုများနှင့် စပ်လျဉ်းသည့် အသိပေးကြေညာချက်အဖြစ် NUGက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် သက်ဆိုးရှည်စေရေးအတွက် လိုအပ်နေသော နိုင်ငံခြားငွေကို ပြည်ပရောက်မြန်မာအလုပ်သမား၏ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲပိုရန် ဩဂုတ် ၂၈ ရက် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုလုပ်ငန်းအား ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများကို ကြီးကြပ်ရန် စစ်ကောင်စီက ဖိအားပေးလျက်ရှိသည်ဟုလည်း NUGက ဆိုသည်။

မိသားစုထံလွှဲပြောင်းရန် ပျက်ကွက်သည့် အလုပ်သမားများကို ပြည်ပအလုပ်ဖြင့်ထွက်ခွာခွင့် ကာလအကန့်အသတ် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် ထုတ်ပေးမှုမပြုခြင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုခြင်းစသည့်တို့ဖြင့် ပြင်းထန်စွာအရေးယူမှုများပြုလုပ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်အကြပ်ကိုင်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလုပ်သမားများက မိသားစုထံလွှဲပိုသည့် ထောက်အထားများကို အေဂျင်စီများက စစ်ကောင်စီထံတင်ပြန်ရန်လည်း စစ်ကောင်စီက ခြိမ်းခြောက်ထားသည်ဟု NUGက ထုတ်ပြန်သည်။

၁၉၉၉ခုနှစ်တွင် ပြဌာန်းခဲ့သည် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတွင် အေဂျင်စီက ထိုလုပ်ရပ်များကို လုပ်ကိုင်ရန် တာဝန်များ ပြဌာန်းထားခြင်းမရှိသဖြင့် စစ်ကောင်စီက ဥပဒေကို ကျော်လွန်ကာ မတရားဖိနှိပ်သည့် လုပ်ရန်ဖြစ် သည်ဟုလည်း NUGက ထောက်ပြထားသည်။

ထို့အပြင် အေဂျင်စီများလိုက်နာရမည့် ကျင့်ဝတ်တွင်လည်း အလုပ်သမားများ၏ ပြည်ပလစာငွေလွှဲပို့ခြင်းကို ‌အေဂျင်စီများက ကြီးကြပ်ရန် တာဝန်ရှိကြောင်း ဖော်ပြထားခြင်းလည်းမရှိဟုဆိုသည်။

ပြည်ပမှရရှိသည့် လစာဝင်ငွေ လွှဲပို့သည့် အထောက်အထားများ မပြသနိုင်ပါက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခွင့်မပြုခြင်းမှာ တည်ဆဲဥပဒေ ပြစ်မှု၊ပြစ်ဒဏ်များနှင့် ကိုက်ညီမှုမရှိလဲ အခြေခံနိုင်ငံသားအခွင့်အ‌ရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း NUGက ထောက်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက အလုပ်သမား၏ ငွေလွဲပိုသည့် အထောက်အထားမပြသည့် ‌အေဂျင်စီ ၁၃၅ခုကိုလည်း စစ်ကောင်စီက အရေးယူထားသည်ဟု ဖော်ပြထားသည်။

ထိုကြောင့် အလုပ်သမား၏ အခြေခံအခွင့်အရေးများကို နည်းမျိုးစုံဖြင့် ချိုးဖောက်ကျူးလွန်နေသည့် စစ်ကောင်စီလုပ်ရပ်များတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဥပဒေမဲ့ အမိန့်၊ညွန့်ကြားချက်များကို လိုက်နာခြင်းမပြုရန်နှင့် မြန်မာအလုပ်သမားများကို ဖိအားပေးအကြပ်ကိုင်ခြင်း၊သွေးဆောင်ဖြောင်းယောင်း၍ မိသားစုထံငွေလွှဲခိုင်းသည့် ‌‌အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအကျိုးဆောင်များကို NUGက အရေးယူမည်ဟု သတိပေးထားသည်။

ပြည်ပရောက်မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် နိုင်ငံသားများအပေါ် အခွင့်အရေးများ ချိုးဖောက်ကာ ဖိနှိပ်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ(ILO) အပါအဝင် နိုင်ငံတကာအဖွဲအစည်းများက အရေးယူပေးရန်လည်း NUGက တောင်းဆိုထားသည်။

ထို့အပြင် ပြည်ပရောက်မြန်မာလုပ်သားများ စစ်​ကောင်စီကသတ်မှတ်ပေးထားသည့် ဘဏ်စနစ်ဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံလွှဲမပေးပါက ပတ်စပို့(Passport)သက်တမ်းတိုးမပေးခြင်း၊ ပြည်ပထွက်ခွင့်ပိတ်ခြင်းနှင့် ပြည်ပအလုပ်အကိုင်သက်သေခံကတ် ထုတ်မပေးခြင်းများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ခြိမ်းခြောက် ထုတ်ပြန်ထားသည်။

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် ရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅ရာခိုင်နှုန်းကို ၎င်းတို့၏ မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့် ဖြစ်စေ၊ ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း၊ သို့မဟုတ် အများဆုံး ၃ လလျှင် တစ်ကြိမ် ၃လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းထဲသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက်က ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြသည်။

အကယ်၍ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိသားစုများထံ လွှဲပို့ငွေ လွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ထုတ်ပေးမှု မပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သည့် စိစစ်အရေးယူ ဆောင်ရွက်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – U.S.O) သတိပေးကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြောင့် ဒုက္ခရောက်နေသည့် မြန်မာပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား တိုင်းရင်းသားအဖွဲ့အစည်းများ၊ မြေပြင်တွင် အမှန်တကယ်လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်လုပ်ဆောင်ရန် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂအေဂျင်စီအရာရှိများကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောကြားသည်။

သတင်း

လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော CDM တွဲဖက်ပါမောက္ခတစ်ဦး၏ အသက် ၅နှစ်အရွယ် သမီးငယ်တစ်ဦးအပေါ် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းအမြတ်ထုတ်မှုနှင့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစု(အမည်လွှဲ)က People’s Spring လူထုနွေဦးသို့ ပြောသည်။

သတင်း

မသမာသူများက PDFနှင့် ပကဖအမည်အလွဲသုံးပြီး ဆက်ကြေးတောင်းခံမှုများရှိနေ၍ ငွေညှစ်သည့်စာများ လက်ခံရရှိပါက တိုင်ကြားရန် အသိပေး

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့အကြား နားလည်မှုစာချွန်လွှာချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်ရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေး၊ လူထုစည်းရုံးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟု အသိပေးသည်။

Facebook