ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ၏တပ်မကုန်းဟု ခေါ်သော ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်က ယနေ့ စတင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
” ကျနော်ကြားသိရသလောက် သူတို့က လက်နက်ကြီးနဲ့ စပစ်နေတယ်လို့ ကြားတယ်။ KPDFနဲ့ KIA ဘက်က လက်နက်ကြီးနဲ့ စပစ်နေတယ်လို့ သတင်းတော့ရတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများစွာကို KIA/PDF ပူးပေါင်းတပ်က ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီး ဖားကန့်ဗျူဟာစခန်းအပါအဝင် စခန်း ၆ခုခန့်သာ ကျန်ရှိတော့သည်ဟု စစ်ရေးသတင်းရင်းမြစ် အချို့က ပြောသည်။
စက်တင်ဘာ ၁၂ရက်က ဖားကန့် ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားပြီး စက်တင်ဘာ ၁၉ရက်နံနက်တွင်လည်း စစ်ကောင်စီတပ်များ စခန့်စွန့်ထွက်ပြေးသွားသည့် ဆန်းကြွယ်မှော် စေတီကုန်းစခန်းကိုလည်း သိမ်းပိုက်ထားပြီးဖြစ်သည်။ ဆိုင်းတောင်တိုက်ပွဲသည်လည်း စက်တင်ဘာ ၇ရက်မှစတင်၍ ရက်ရှည်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်မှုများ ရှိခဲ့သည်။
ဖားကန့်ဗျူဟာစခန်း တိုက်ခိုက်မှု အခြေအနေအပါအဝင် စစ်ရေးသတင်းများကို မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA စစ်သတင်းများ ဖော်ပြနေသည့် ဒေသတွင်းမီဒီယာအချို့ကလည်း ယနေ့ စက်တင်ဘာ ၂၀ရက် နေ့လည် ၁နာရီခွဲတွင် ဖားကန့်ဗျူဟာစခန်းကို စတင်တိုက်ခိုက်လျက်ရှိရာ အပြန်အလှန် ပစ်ခတ်မှု ရှိနေသည်ဟု ဖော်ပြနေသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်အချို့ကလည်း ဖားကန့်ကို KIA ထိုးစစ်ဆင်နေကြောင်း ရေးသားနေသည်။
