မိထက်/People’s Spring
တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းငယ် Soulik သည် မနက်ဖြန် စက်တင်ဘာလ ၂၀ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် အားပျော့ပျက်ပြယ်သွားနိုင်ပြီး ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတင်ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၉ရက်ညနေပိုင်း တိုင်းတာချက်များအရ မုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို တစ်နာရီ မိုင် ၄၀ ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နေပြီး မနက်ဖြန် မနက် အစောပိုင်းအတွင်း လာအိုနိုင်ငံ၊ ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ပြီး အားပျော့ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် မိုးကြီးနိုင်သောဒေသများမှာလည်း နည်းပါးသွားပြီး လတ်တလောခန့်မှန်းချက်များအရ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် နှင့် မန္တလေးတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADMက သတိပေးထားသည်။

Public Service Announcement
အပူပိုင်းမုန်တိုင်း Soulik ၏ အရှိန်ကြောင့်မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးထားသည်။
မိုးလေဝသဖြစ်စဉ်များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည့်အတွက်လည်း နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းထားသည်။
တောင်တရုတ်ပင်လယ်တွင် စက်တင်ဘာ ဒုတိယပါတ်တွင်ဖြစ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ၏ အကြွင်းအကျန်တိမ်စိုင်များကြောင့် စက်တင်ဘာလ ၁၀ရက်မှစ၍ ရှမ်းပြည်နယ်၊ကရင်နီပြည်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့၌ ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့သည်။ ရေဘေးကြောင့် ပြည်သူထောင်ချီသေဆုံး ပျောက်ဆုံးပြီး ၇ သိန်းဝန်းကျင်ရေဘေးသင့်ခဲ့ကြောင်း NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သော KNU ၊ KNPP ၊ CNF တို့ကပူးတွဲထုတ်ပြန်ထားသည်။
ရေဘေးသင့်ပြည်သူများသည် ယာဂီမုန်တိုင်းသက်ရောက်မှုဖြင့်ရေဘေးကြုံပြီး အရေးပေါ်အကာအညီများပင် မလုံလောက်သေးချိန်တွင် မိုးထပ်ကြီးမည်ကိုစိုးရိမ်နေကြသည်။
