သော်မွန်/People’s Spring
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအားကောင်းရေးအတွက် တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ(EROs)နှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီများက အတူတကွ လက်တွဲအကောင်အထည်ဖော်သွားမည်ဟု ယနေ့(စက်တင်ဘာ ၁၉ရက်)ပူးတွဲကြေညာသည်။
ပူးတွဲကြေညာသည့် အဖွဲ့အစည်း ၉ခုမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB) တို့ဖြစ်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ကြားကာလမှ စတင်၍ မိမိတို့ ပြည်နယ်/လူမျိုး ကိုယ်စားပြု ကောင်စီများ၊ တိုင်းရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွ တည်ဆောက်သွားမည်ဟု ဆိုသည်။

Public Service Announcement
အထက်ပါ ပူးတွဲကြေညာချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သဘောထားနှင့် တထပ်တည်းဖြစ်ပြီး ထုတ်ပြန်ကြေညာချက်ကို ကြိုဆိုကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက People’s Spring – လူထုနွေဦးသို့ ပြောသည်။
“ဒါဟာ ကျွန်တော်တို့တတွေ အားလုံးသဘောတူထားတဲ့ တန်းတူညီမျှရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးဆိုတဲ့အပေါ် အခြေခံပြီး Bottom-up ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် အတူတကွ လက်တွဲလုပ်ဆောင်ဖို့အတွက် သန္နိဋ္ဌာန်ချထားတာကို ပြသတဲ့ ဒီပူးတွဲကြေညာချက်က အင်မတန်မှအဓိပ္ပာယ်ရှိ အရေးကြီးတဲ့ ပူးတွဲကြေညာချက်ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ပူးတွဲကြေညာချက်၌ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး(Bottom-up Federalism)ကို အောက်ပါအခြေခံမူများနှင့်အညီ တည်ဆောက်သွားမည်ဟု ဖော်ပြသည်။
(က) အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်း ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများဖြစ်သည်။
(ခ) ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံ သည်။
(ဂ) အချုပ်အခြာအာဏာ (Sovereignty)၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီး ကပ်ဆုံးအာဏာ (Subsidiarity) နှင့် အချိုးကျမှု (Proportionality) အခြေခံမူများ အတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်။
ထို့အပြင် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစုများအကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေး ချမှတ်ခဲ့ကြောင်း အထက်ပါအဖွဲ့အစည်း ၉ခုက အသိပေးသည်။
အထက်ပါပူးတွဲကြေညာချက်သည် မကြာသေးမီက ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်လိုက်သည့် စာအပေါ် အခြေခံကာ တန်ပြန်သည်ဟု ယူဆရပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားလိုသည့် EAO/ERO များက ပူးတွဲကြေညာခြင်းဖြစ်သည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးသုတေသီသူတစ်ဦးက သုံးသပ်သည်။
“ကိုးကန့်အဖွဲ့ကကျ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေကို အားကောင်းအောင် တည်ဆောက်ဖို့ ဒါမျိုးတွေကို အဓိကပြောထားပြီးတော့ ရေရှည်မှာ ဖက်ဒရယ်ပြည်ထောင်စုဘက် သွားမယ်တွေပြောမထားဘူးပေါ့။ ပြီးတော့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေး process ကိုလည်း ပါမယ်ဆိုတဲ့ သဘောမျိုးဆိုတော့ ပြောရရင် သူက စစ်ကောင်စီနဲ့လည်း ညှိနှိုင်းကောင်း ညှိနှိုင်းနိုင်တယ်ပေါ့။ စစ်ကောင်စီရဲ့ အထူးဒေသတစ်ခုအနေနဲ့ နေကောင်းနေသွားနိုင်တယ်ဆိုတာမျိုးဖြစ်နေတယ်။ စစ်ကောင်စီက လက်ခံ၏၊ လက်မခံ၏ ကတော့ မသေချာဘူးပေါ့။ ပြောရရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးထက် လက်ရှိထိန်းချုပ်ထားတဲ့ နယ်မြေမှာ လူမျိုးစု အခြေပြုတဲ့ ယူနစ်တစ်ခုဖြစ်လာဖို့ကို ရည်ရွယ်တဲ့ပုံ တွေ့ရတယ်ပေါ့လေ။ ဒါကိုတုန့်ပြန်တဲ့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားချင်တဲ့ EAO/ERO တွေကို ဒါကို ထုတ်ပြန်တယ်လို့ ယူဆရတယ်။ ပြောရရင် တန်ပြန်တဲ့သဘောမျိုးလို့ ယူဆရတယ်”ဟု အထက်ပါသုတေသီက ပြောသည်။
