မိထက်/People’s Spring
မောင်တောမြို့သည် အာရက္ခတပ်တော်(AA)၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ကျရောက်တော့မည်ဖြစ်ပြီး မောင်တောမြို့ နှင့် ကျိန္တလီမြို့များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AAကဩဂုတ်လ ၂၄ရက်ည၌ထုတ်ပြန်သည်။
မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထား သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး မူဆလင်လက်နက်ကိုင်အဖွဲ့များ၊ ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် AA၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည်ဟုဖော်ပြထားသည်။

Public Service Announcement

မောင်တောမြို့သိမ်းတိုက်ပွဲအား ဩဂုတ်လ (၄) ရက်နေ့တွင်စတင်ခဲ့ပြီး မြို့အတွင်းမှ စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကာ မြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဟု အသိပေးထားသည်။
သို့သော် မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဟုလည်းဆိုသည်။
မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော စစ်ကောင်စီသည် မြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများအားအား မီးရှို့ဖျက်ဆီးပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိနေပြီဟု AAက ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရမိခဲ့သည်ဟုအသိပေးသည်။

သတင်းဓါတ်ပုံများကိုလည်း ထုတ်ပြန်ရာ သြဂုတ် ၂၂ ရက်မောင်တောမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် မှစစ်သုံ့ပန်း ၃၆ ဦးဖမ်းဆီးရရှိသည်ကို တွေ့ရပြီး ၊ သြဂုတ် ၂၃ ရက်တွင် မောင်တောမြို့မ ရဲစခန်းမှ ဒုရဲမှူး ၊ရဲအုပ် များအပါအဝင် ရဲတပ်ဖွဲ့ဝင် ၆ ဦးက သေနတ် ၈ လက် ခဲယမ်ယမ်းများယူဆောင်လာ၍ လက်နက်ချ သည်ကိုလည်းဓါတ်ပုံနှင့်ဖော်ပြထားသည်။ထိုအပြင် သြဂုတ် ၁၉ ရက်မှ ၂၂ရက်အတွင်း မောင်တောမြို့မ ရဲစခန်း နှင့် POE စခန်းမှ ဘက်နက်မျိုးစုံ ၅၀ ကျော် ၊ သြဂုတ် ၂၄ ရက် မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်က်ငယ် ၂၀ ကျော်တို့ကို သိမ်းဆည်းရရှိကြောင်း တွေ့ရသည်။
တစ်ပြိုင်နက်တည်းတွင် ရခိုင်ပြည်နယ်တောင်ပိုင်းမှ သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်ဟု AAက အသိပေးထားသည်။မောင်ရွှေလေးရေတပ်သည် သံတွဲမြို့တွင် နောက်ဆုံးကျန်ရှိနေသည့်စစ်ကောင်စီစခန်းဖြစ်သည်။

မောင်ရွှေလေး၊ ကွင်းဝိုင်းစသည့်တိုက်ပွဲနေရာများ၌ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ စုပေါင်းကာ ခုခံလျက်ရှိသောကြောင့် တိုက်ပွဲများသည်လည်း တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်နေသည်ဟု ဆိုသည်။
အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဟုလည်း သတိပေးထားသည်။
