ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ထနောင်းတောတောင်ကျေးရွာရှိ ဈေအတွင်း ကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁၁ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့ (ဩဂုတ် ၁၃ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်သည် မုံရွာမြို့အဝင် မအူဂိတ်မှ (၆၀)မမ လက်နက်ကြီးတစ်လုံးပစ်ခတ်ရာ မုံရွာ – အမြင့်လမ်းဘေး ထနောင်းတောတောင်ရွာရှိ စျေးတန်းအလယ်ကျရောက်ခဲ့ပြီး အမျိုးသား သုံးဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
“မအူဂိတ်ကကောင်တွေက ရူးကြောင်မူးကြောင်နဲ့ပစ်တာ။ အလောင်းတွေကို ပြန့်ကြဲနေတာပဲ။ ညနေထိကို မကောက်ရသေးဘူးပြောတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ကုန်စိမ်းစျေးသည်များ၊ စျေးဝယ်သူများလည်းပါဝင်ကြောင်း၊ ထို့အပြင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်၁၀ရက်နှင့် ၁၁ရက်ကလည်း မအူရွာဂိတ်မှ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ဦးထိမှန်ခဲ့ပြီး နှစ်ဦး သေဆုံးခဲ့သေးသည်။
မုံရွာ – အမြင့်လမ်းဘေးရှိကျေးရွာများသည် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု မကြာခဏ ခံနေရပြီး ထိခိုက်သေဆုံးသူ တစ်ရာကျော်ရှိကြောင်း ဒေသခံများက ပြောသည်။
