ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် သီပေါမြို့နယ်တွင် ယနေ့ (ဩဂုတ် ၁၃ရက်) တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅၀ရက်မြောက် စစ်ရေးအခြေအနေကို အသိပေးခြင်းဖြစ်သည်။
နောင်ချိုမြို့နယ် နောင်လင်ကျေးရွာတွင် စစ်ကောင်စီ၏ တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်၊ အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ(၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီက တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ၁၁ကြိမ် ဗုံး ၈၅လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
ထို့ပြင် သီပေါမြို့ ခလရ (၂၃)တပ်စခန်းကိုလည်း TNLAက ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။
အဆိုပါ ခလရ(၂၃) တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၁)ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၈)ကြိမ် ဗုံး(၄၄)လုံး လာရောက်ကြဲချခဲ့ဟု အသိပေးသည်။
ထို့ပြင် မန်တုံမြို့နယ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မန်ဆာကျေးရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ဗုံး တစ်လုံးအပါ ဗုံး (၅)လုံးဖြင့် အရပ်သားပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။
စစ်ကောင်စီသည် တိုက်ပွဲမဖြစ်သည့် နမ့်ဆန်နှင့် ကွတ်ခိုင်မြို့များကိုလည်း လေကြောင်း တိုက်ခိုက်ခဲံရာ အရပ်သား ထိခိုက်သေဆုံးရှိခဲ့သည်။ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည့် နမ့်ဆန်၊ ကွတ်ခိုင်နှင့် မန်တုံမြို့များကို TNLA မဟာမိတ်တပ်က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၌ သိမ်းပိုက်ထားခြင်းဖြစ်သည်။
