သုည/People’s Spring
တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ပြုလုပ်သည့် ရှမ်းနှင့်ရန်ကုန်အသင်းတို့ ဘောလုံးပွဲစဥ် သွားရောက်ကြည့်ရှုသည့် လူငယ်အချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယမန်နေ့ (သြဂုတ် ၄) ညနေပိုင်းတွင် တောင်ကြီးမြို့၌ ဘောလုံးပွဲကြည့်ရှုနေသည့် လူငယ်အချို့ကို ကွင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းပွဲစဥ်ကို သွားရောက်ကြည့်ရှုခဲ့သည့် ပြည်သူတစ်ဦးက ပြောသည်။
“မနေ့က ပွဲက အသင်းကြီးနှစ်သင်းတွေ့တာဆိုတော့ အရင်ထက် ရဲတွေ၊ စစ်သားတွေရော အရမ်းများတယ်။ ကွင်းထဲမဝင်ခင်တည်းက အစစ်အဆေးလည်းများတယ်။ အဲ့မှာ လူငယ်အချို့က ရုပ်သံတိုက်ရိုက်လွှင့်တဲ့ ကင်မရာနားမှာ မူးပြီး အော်ဆဲနေလို့ ရဲတွေရောက်လာပြီး လာဖမ်းသွားတာပါ။ လေး၊ ငါးယောက်လောက်တော့ ရှိမယ်ထင်တယ်။ ရဲစခန်းအထိ ဖမ်းသွားတာ မဟုတ်ဘဲ ပွဲပြီးတော့ ပြန်လွှတ်ပေးလိုက်တယ် လည်း ကြားပါတယ်”ဟု ၎င်းက ဆိုသည်။ သို့သော် အဆိုပါအချက်ကိုမှု အတည်မပြုနိုင်ပေ။

Public Service Announcement
ပြည်သူများအနေဖြင့် စစ်ကောင်စီက ဦးစီးကျင်းပသည့် ပွဲစဥ်များကို ရှောင်ရှားရန်နှင့် သတိထားသွားလာကြရန်လည်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက မေတ္တာရပ်ခံသည်။
အထူးသဖြင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် နိုင်ငံတဝန်းလူငယ်များကို စစ်မှုမထမ်းမနေရဥပဒေဖြင့် အဓမ္မစစ်သားသစ်အဖြစ်ခေါ်ယူနေချိန်တွင် ဘောလုံးပွဲကြည့်သောလူငယ်အချို့ဖမ်းဆီးခံရခြင်းဖြစ်သည်။
“ဘောလုံးပွဲကြည့်တာ အပြစ်မပြောလိုပေမယ့် ဒီလိုမျိုး စကစဝင်တွေ အရမ်းများတဲ့ပွဲတွေဆို သတိထားဖို့လိုပါတယ်။ သူတို့က ပုံမှန်တောင် ဧည့်စာရင်းစစ်ပြီး လူငယ်တွေကို ဖမ်းနေတာဆိုတော့ အခုလို အမြင်မကြည်ရင် မတရားဖမ်းဆီးတာမျိုးတွေက ကြုံလာနိုင်ပါတယ်။တော်လှန်ရေး အရှိန်မြင့်လာတဲ့အမျှ ပြည်သူတွေလည်း ရှုံးမဲမဲနေတဲ့ စကစရဲ့ အန္တရာယ်တွေကို ပိုဂရုစိုက်ပြီး တော်လှန်ရေးသတင်းကို အမြဲနားစွင့်ထားသင့်ပါတယ်”ဟု ၎င်းက မေတ္တာရပ်ခံခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး လားရှိုး ၊နောင်ချို ၊မိုးမိတ် ၊မိုးကုတ်စသော မြို့များကို တော်လှန်ရေးတပ်များကဆက်တိုက် သိမ်းပိုက်ကာ ၊ကျောက်မဲ မြို့တွင် အပြင်းအထန်တိုက်ပွဲဖြရ်နေချိန်တွင် စစ်ကောင်စီ နှင့် ဘောလုံးအဖွဲ့ချုပ်က ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့တွင် ဘောလုံးပွဲများကိုလူစည်ကားစွာဖြင့် ကျင်းပနေခြင်းလည်းဖြစ်သည်။
