ဇော်ရမ်း၊အောင်ဇေယျ /People’s Spring
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူ ၃၂ဦးအား အစုလိုက်၊အပြုံလိုက် သတ်ဖြတ်ပြီး ပြည်သူ ၂၀ခန့်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။
ယနေ့ (မေလ ၁၁ရက်)နံနက်၅နာရီခန့်က မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာတွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဗုံးအလုံး (၃၀)ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့သည်။
ထို့နောက် ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင် နေသော အမျိုးသမီး တစ်ဦးအပါအဝင် ပြည်သူ ၃၁ဦးအား သတ်ဖြတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရပြည်သူ ၁၀ဦးအား ဆေးရုံသို့ ပို့ဆောင်သည့်လမ်းတွင်လည်း တစ်ဦးအား ထပ်မံသတ်ဖြတ်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
ထို့အပြင် အမျိုးသမီးပြည်သူအပါအဝင် ၂၀ ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။
စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ် ဝင်ရောက်လာပြီး ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသရုံးက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က လက်ထုတ္တောကျေးရွာကို စစ်ကြောင်းနှစ်ကြောင်းက နှစ်ဘက်ညှပ်ပြီး စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“မြောင်လမ်းခွဲက စစ်ကြောင်းတကြောင်းရယ်၊ ချောင်းဦးနတ်ရေခံက စစ်ကြောင်းရယ် နှစ်ဖက်ညှပ်ဝင်ပြီးရွာထဲကိုဝင်လာတာ။ ဒေသခံတွေက ဘုန်းကြီးကျောင်းကိုပြေးတာ။ဘုန်းကြီး ကျောင်းကိုရောက်နေတဲ့ စစ် ဘေးရှောင်တွေကို ဖမ်းပြီးတော့ အပြုံလိုက်ပစ် သတ်သွားတာ”ဟု လက်ထုတ္တောရွာအနီးသို့ ရောက်ရှိနေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့ CDSOM မှ ကိုနွေဦးက ပြောသည်။
သေဆုံးသူများမှာ အသက်(၁၅)နှစ်ခန့်မှ (၅၀)ကျော်အရွယ်များ ဖြစ်ပြီး စုစုပေါင်း ၃၀ဦး၏ ရုပ်အလောင်းများကိုတွေ့ရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ သေဆုံးသူများအနက် အမျိုးသမီးသုံးဦးပါဝင်ကြောင်း သိရှိရသည်။
သတ်ဖြတ်မှုကျူးလွန်ပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ချက်ချင်းပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
“သတင်းရခြင်း ဒီကအဖွဲ့တွေသွားကြတာ။ မမီတော့ဘူးဗျာ။ ချက်ချင်းပြန်ထွက်သွားတာ”ဟု ကိုနွေဦးက ပြောသည်။
” ရုပ်အလောင်းတွေက အခုထိမသဂြိုလ်ရသေးဘူး။ အခက်အခဲတချို့ရှိနေလို့”ဟု မြင်းမူမြို့ခံတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကလည်း “ဒေသခံတွေမေးတော့ဟုတ်တယ်ပြောတယ်။ ဒေသအဖွဲ့အစည်းတွေကို ဆက်သွယ်လို့မရသေးဘူး။ ကြေးနီကားတွေဖြတ်တယ်။ ကျွန်တော်တို့ဘက်(စစ်ကိုင်းဘက်)ကားလမ်းဘက် လုံခြုံရေးအပြည့်ယူပြီး သူတို့ဘက်(မြင်းမူ)ဘက်မှာ ရွာတွေထဲထိ လုံခြုံရေးယူတဲ့သဘောနဲ့ စစ်ကြောင်းလှည့်ပတ် ထိုးလိုက်တာ။”ဟု ပြောသည်။
သေဆုံးသူများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့လည်း ပါဝင်သည်ဟု သိရသည်။
တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသော အမှတ်-၁၃ ခြေမြန်တပ်ရင်း (ခမရ-၁၃)၊ အမှတ်-၉၀၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၉)၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော လှုပ်ရှားတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအင်အား ၄၀ခန့်နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာမှ အမှတ်-၉၂၉ ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်း (ထပရ-၉၂၉) ပူးပေါင်းအင်အား ၃၀ခန့်တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။
