-“ကျွန်တော်ထင်တာကတော့တိုက်ပွဲကြားမှာ ထွက်ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင်ပြန်သတ်ပြီးတော့တော်လှန်ရေးပုံရိပ်ကို ချတယ်လို့မြင်ပါတယ်”-MBTတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ
အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာတွင်လက်နက်ကိုင်ပျူများကို တိုက်ခိုက်ခဲ့ပြီး ကလေးငယ်နှင့်အမျိုးသမီးများကို တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ပျူစောထီးအမာခံရွာဖြစ်သော ဆုံရွာအား မေလ ၉ ရက် နံနက် ၅ နာရီခန့်က စစ်ကိုင်းနှင့် မန္တလေးတိုင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
“ကျွန်တော်တို့ဘက်က တိုက်ခိုက်တဲ့အချိန်မှာသူတို့ဘက်ကဆုတ်ပြေးတဲ့ပျူစောထီး၅ယောက်ကိုပဲ ရှင်းလင်းခဲ့တာပါ။ဒါတောင်အဖမ်းမခံဘဲ ခုခံပြီးထွက်ပြေးလို့ပါ”ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များကမူ ဆုံရွာကုန်းတိုက်ပွဲ၌ ကလေးငယ်များ ၊အမျိုးသမီးများအပါအဝင် စုစုပေါင်း၃၃ ဦး သေဆုံးခဲ့သည်ဟု ဝါဒဖြန့်နေသည်။
သို့သော် စစ်ကောင်စီဘက်မှ စွပ်စွဲချက်အပေါ် တော်လှန်ရေးအဖွဲ့များက ငြင်းဆိုသည်။
“ကျွန်တော်ထင်တာကတော့တိုက်ပွဲကြားမှာ ထွက်ပြေးတဲ့ပြည်သူတွေကို သူတို့ကိုယ်တိုင်ပြန်သတ်ပြီးတော့တော်လှန်ရေးပုံရိပ်ကို ချတယ်လို့မြင်ပါတယ်။ တော်လှန်ရေးသမားတွေနဲ့ပျူစောထီးတွေတိုက်ခိုက်တဲ့ကြားမှာ ပိတ်မိနေတဲ့သက်ကြီးရွယ်အိုတွေတောင်မှ ကယ်တင်ပေးခဲ့တွေရှိပါတယ်။”ဟု MBTတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲကဆက် ပြောသည်။
စစ်ရေးပစ်မှတ်ထဲတွင် ကလေးငယ်များ ၊ လက်နက်မဲ့အမျိုးသမီးများ မပါသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းမရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၏ တာဝန်ရှိသူက ပြောသည်။

“battle ဖြစ်နေတဲ့ ၃ နာရီအတွင်းမှာ ရွာကိုစီးနိူင်ခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူကိုသတ်ဖြတ်ခြင်းမရှိဘူး။ ဒီလိုအကျင့်မျိုးကိုလည်း တော်လှန်ရေးသမားတွေ လုံးဝလုပ်မှာမဟုတ်ပါဘူး။ သူတို့ပစ်တဲ့လက်နက်ကြီးကြောင့်ထိတာလည်းပါကောင်းပါနိုင်တယ်။”ဟု ဗိုလ်မိုက်ခဲက ဆိုသည်။
ထိုရွာကို စစ်ကူလာမည့် ၃မိုင်ခန့်အကွာမှ ဆီမီးခုံစခန်းကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာနိုင်ခြင်းမရှိတော့ဘဲ အဝေးမှသာ ပစ်ကူပေးခဲ့ကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။
“ဆီမီးခုံက လက်နက်ကြီးပစ်ကူတွေကလည်း ရွာထဲကျတာတွေလည်းရှိတော့ နှစ်ဘက်လုံးထိခိုက်နိုင်ကြပါတယ်။ ကျွန်တော်တို့ရဲ့အဓိကပစ်မှတ်ကတော့ လက်နက်ကိုင်ဆောင်ပြီး ပြန်လည်ခုခံသူတွေပါပဲ။ တွေ့သမျှပြည်သူတိုင်းကိုသတ်မယ်ဆို ရွာတစ်ရွာရဲ့လူဦးရေဟာ အနည်းဆုံး ၁၀၀၀ အထက်မှာပဲရှိကြပါတယ်။ ကျွန်တော်တို့တစ်ရွာလုံးစီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရွာလုံး မသေကြပါဘူး။”ဟု CDSOM အဖွဲ့မှတာဝန်ရှိသူဖြစ်သော ကိုနွေဦး(မြောင်)က ပြောသည်။
ထိုအပြင် ဆုံရွာက ပျူများသည် PDF များလာတိုက်၍ ထွက်ပြေးလျှင် တစ်ယောက်မကျန် ပစ်သတ်မည်ဟု ရွာသူရွာသားများအား ခြိမ်းခြောက်ဖူးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
တိုက်ပွဲမှာ ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး နံနက်၈နာရီခန့်၌ စခန်းအားလုံးကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။တိုက်ပွဲ၌ ပျူ ၅ဦးသေဆုံးသည်ကို မျက်မြင်တွေ့ခဲ့ပြီး ကျန်ပျူများမှာ ၎င်းတို့၏ လက်နက်ခဲယမ်းများအား သယ်ဆောင်၍ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဗိုလ်မိုက်ခဲက ဆက်သည်။

ထိုနောက်တော်လှန်ရေးတပ်များကပျူစခန်းများအား မီးရှို့ခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်ကလည်း ရဲဘော်၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ကိုနွေဦးကပြော သည်။
ထိုစစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း ၉ Myingyan Black Tiger (MBT)တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း၆၊တပ်ခွဲ ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊Bright Star Group (LPDF)၊Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊မန္တလေးခရိုင်တပ်ရင်း- ၅၊ ဇာမနည်ပျောက်ကျားအဖွဲ့- ငါန်းဇွန်၊ အညာမြေ-ကျောက်ပန်းတောင်း၊ ဒေါင်းစစ်သည်၊ LACR – မြင်းခြံ၊ Wolf Brothers၊ ဒေါင်းညီနောင်၊ မြင်းခခြရိုင် ရင်း – ၁၊ T.G.Y.R၊ G7 မြောင်၊ ပျောက်ကျားလင်းယုန်၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ Youths for Community-YfC Myaung နှင့် အခြားညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
(ဆုံရွာပျူရွာအား တိုက်ခိုက်နေသောတော်လှန်ရေးတပ်ဖွဲ့ဝင်များ / ဆုံရွာတိုက်ပွဲအတွင်း PDF များကယ်ထုတ်ထားသော ရွာသူရွာသားအချို့အား တွေ့ရစဥ် ။ ဓာတ်ပုံ-CJ)
