မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မြင်းခြံခရိုင် အမှတ် (၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နံနက် ၇ နာရီခွဲခန့်က မြင်းခြံမြို့နယ်၊ တလုပ်ကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် လာရောက်စစ်ဆေးသော စစ်ကောင်စီတပ်သားများကိုပါ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး ထပ်မံသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF)၏ တာဝန်ခံက ပြောသည်။
“ရွာထိပ်မှာစစ်တဲ့ ဂိတ်ရှိတယ်။ ကျွန်တော်တို့က သူတို့အလစ်မှာ မိုင်း သုံးလုံးသွားထောင်ထားတာ။ သူတို့ကင်းပြန်လာတဲ့အချိန်မှာ ဖောက်ခွဲလိုက်တာ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
နေ့လယ် ၁၂ နာရီခွဲခန့်တွင်လည်း ဥဒယကျေးရွာမှလာသော စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်က ထပ်မံသတင်းထုတ်ပြန်သည်။
ထိခိုက်သေဆုံးသူများအား လူနာတင်ယာဥ်ဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု ဆိုသည်။သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
အဆိုပါ စစ်ဆင်ရေးအား မြင်းခြံခရိုင် အမှတ်(၆)တပ်ရင်း တပ်ခွဲ (၁)နောင်ရိုးအထူးပြောက်ကျားတပ် NYSGFနှင့် အမှတ် (၂)တပ်ရင်း Taloke PDFနှင့် Myingyan MP9အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၁၆ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကိုင်းရွာနယ်မြေရဲစခန်းအား ဒေသတွင်း PDFများက တိုက်ခိုက်ခဲ့ပြီး စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်က ကိုင်းရွာဝန်းကျင်နှင့် ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကြောင်းထိုးနေသည်။
