Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီလာသည်ဆို​သော ​အောင်​ဇေယျစစ်​ကြောင်း​ တတန်းကူးရွာအနီးမှာပင် ​ရှေ့တိုး​နောက်ဆုတ်ဖြစ်​နေ

မြဝတီမြို့ကို ပြန်လည်သိမ်းယူရန် စစ်ကောင်စီတပ်​၏ အားထုတ်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ စောတောနီးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်
မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ဦးတည်နေသည့်စစ်ကြောင်းအား ကော်ဘရာပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီတပ်အထိနာနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း ကော်ဘရာစစ်ကြောင်း(၁)စစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ၎င်းတို့တိုက်ခိုက်မှုကြောင့် လက်ရှိတွင် ကော့ကရိတ်မြို့အထွက်ရှိ တတန်းကူးကျေးရွာ၌ ရပ်တန့်နေသည်ဟု ဗိုလ်စောကော်က လူထုနွေဦးသို့ ပြောသည်။

“သူတို့ ရှေ့တိုးလိုက်၊ဆုတ်လိုက် လေးခါလောက်ပဲ။ တတန်းကူးမှာပဲ ရှိနေတယ်။ ထိခိုက်မှုတွေ တော်တော်များတယ်။ သူတို့ အထိနာနေတယ်။ ဘယ်လောက်ထိတယ်ဆိုတာ သေချာမသိဘူး။ ဒရုန်းဗုံးတွေကြားမှာ ပြေးလွှားနေတာတော့ မြင်ရတယ်”ဟု ဗိုလ်စောကော်က ပြောသည်။

Public Service Announcement

Public Service Announcement

ကော်ဘရာပူးပေါင်းစစ်ကြောင်းသည် အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ဟန့်တားနေသည်မှာ ငါးရက်ခန့်ကြာရှိပြီဟု ဗိုလ်စောကော်က အသိပေးသည်။

သို့သော် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်အချို့က မြဝတီမြို့ဦးတည်နေသော စစ်ကြောင်းအား ၎င်းတို့စစ်ကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀၀ခန့် သေဆုံးနေပြီဟု လူမှုကွန်ရက်တွင် အသိပေးရေးသားထားကြသည်။

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်
မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။

ဧပြီ ၁၃ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်း၏ သံချပ်ကာယာဥ်တစ်စီးကို ကော်ဘရာစစ်ကြောင်းက ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံးကြောင်း သတင်းရရှိသည်ဟု အဆိုပါစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောထားသည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်းကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။

ကော့ကရိတ်မြို့မှတဆင့် မြဝတီမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ဧပြီ ၁၃ရက် ဝေဟင်မှမြင်တွေ့ရစဥ်။
ကော့ကရိတ်မြို့မှတဆင့် မြဝတီမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ဧပြီ ၁၃ရက် ဝေဟင်မှမြင်တွေ့ရစဥ်။

အဆိုပါစစ်ဆင်ရေးစတင်ရန် ဧပြီ ၈ရက်က မော်လမြိုင် အ​​ရှေ့​တောင်တိုင်းစစ်ဌာနချုပ် (ရတခ)အတွင်း စစ်​​ကောင်စီဒု​ခေါင်း​ဆောင် စိုးဝင်းအပါအဝင်၊ ရတခ တိုင်းမှူး၊ တပ်မမှူးများ၊ ဗျူဟာမှူးများ အထူးစစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေစဥ် ရှာထူး​ဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက ကာမီကာ​ဇေ Fixed Wing Drone များဖြင့် တိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဧပြီ ၉ရက်တွင်လည်း ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့၍ ဒု​ခေါင်း​ဆောင်စိုးဝင်းအပါအဝင်ထိခိုက်ဒဏ်ရာရမှုများကြောင်း အဆိုပါအဖွဲ့က အသိပေးထားသည်။

မြဝတီမြို့ကို ပြန်လည်သိမ်းယူရန် စစ်ကောင်စီတပ်​၏ အားထုတ်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ စောတောနီးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

“KNUနဲ့ မဟာမိတ်တွေက ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မြဝတီကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် စစ်တပ်က တပ်ကူတွေ ဖြည့်တင်းပြီး မြို့ကို ပြန်သိမ်းဖို့ ဆက်တိုက် ကြိုးစားနေပါတယ်။ ဒါပေမဲ့ KNU အပါအဝင် တော်လှန်ရေး အင်အားစုတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်ကူတွေကို မြို့နဲ့ ကီလိုမီတာ ၄၀လောက် အကွာက တိုက်ပွဲတစ်ခုမှာ တွန်းလှန် တိုက် ထုတ်လိုက်နိုင်တယ်”ဟု စောတော်နီးက ပြောသည်။

(မြဝတီမြို့ရှိ ခလရ(၂၇၅)တပ်ရင်းအား KNLAနှင့် ကော်ဘရာပူးပေါင်းတပ် သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်နှင့် ကော့ကရိတ်မြို့မှတဆင့် မြဝတီမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သားများအား ဧပြီ ၁၃ရက် ဝေဟင်မှမြင်တွေ့ရစဥ်။ ဓာတ်ပုံ – The Reporters ၊ File Photo)

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

မေးမြန်းခန်း

ကရင်နယ်ခြား​စောင့်တပ်(BGF)မှ အမည်​ပြောင်းထား​သောကရင်အမျိုးသားတပ်(KNA)ရဲ့အမှတ်(၁)အထူးလုံခြုံရေးတပ်ရင်း၊ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်ကို မြဝတီမြို့ အ​ခြေအ​နေနဲ့ပတ်သပ်ပြီး People's Spring သတင်းဌာနက ဧပြီ ၁၁ ရက်​နေ့မှာ ​​တွေ့ဆုံမေးမြန်းထားတာကိုတင်ဆက်လိုက်ပါတယ်။

သတင်း

လောလောဆယ်အခြေအနေတွင် မြဝတီမြို့၌ တိုက်ပွဲဖြစ်လာနိုင်ဖွယ်မရှိိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။