▪︎စစ်ကောင်စီတပ်အထိနာနေစဥ် ကသည်းသူပုန် (Meitei UG)၊ ရှမ်းနီတပ်ဖွဲ့(SNA) နှင့် ပျူတို့စစ်ကူပေး၍PDFများပြန်ဆုတ်ခဲ့
တမူးမြို့တွင်စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားသော နဂါးမင်းသမီးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး)တပ်ရင်း (၄) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနှစ်ဦးထက်မနည်းသေဆုံးသွားကြောင်း PDF များကပြောသည်။
“နဂါးမင်းသမီးတပ်စခန်းက အခိုင်အမာစခန်းဗျ။ ဝင်စီးပြီး တိုက်တာ။ စစ် ေ- တွေ ၇ကောင်ထက်မနည်းဘူးသေတာ မှန်တယ်။ ကိုယ့်ဘက်က ကလေး(PDF ရဲဘော်)တစ်ယောက် ကျတယ်” ဟု တမူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
နဂါးမင်းသမီးတပ်စခန်းတည်နေရာသည် တမူးနှင့် မိုးရေးမြို့နယ်စပ်တွင် ကပ်လျှက်ရှိပြီး တမူးမြို့၊ ဈေးတန်းရပ်ကွက်အတွင်းပါဝင်ကြောင်းသိရသည်။စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ဦးထက်မနည်းတပ်စွဲထားသည်စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။
ထိုစခန်းကိုဇွန်လ ၂၄ရက် နံနက်၅နာရီ ၁၅မိနစ်ခန့် မှစ၍ ခြောက်နာရီကျာ်ကြာတမူး PDF တပ်ရင်း (၄)ကတိုက်ခိုက်ခဲ့သည်။နေ့လယ် ၁၁နာရီ ၃၀မိနစ်တွင်မှ ပြန်လည်ဆုတ်ခွာခဲ့သည်ဟု PDF – Tamu တပ်ရင်း (၄) က သတင်းထုတ်ပြန်သည်။

စခန်းရှိ စစ်ကောင်စီတပ်အထိနာနေစဥ် ကသည်းသူပုန် (Meitei UG) နှင့် ရှမ်းနီတပ်ဖွဲ့(SNA) အပြင်ပျူစောထီးများ ရောက်လာပြီး စစ်ကူပေးခဲ့သောကြောင့် ကာကွယ်ရေးရဲဘော်များဆုတ်ခွာခဲ့ရခြင်းဟု PDF – Tamu တပ်ရင်း (၄)က အသိပေးသည်။
တိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှခုနှစ်ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ သို့သော် စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေကို People’sSpring ကသီးခြားအတည်ပြုမရပါ။
နဂါးမင်းသမီးတပ်စခန်းသည် မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးတွင် တည်ရှိသည်။ မြန်မာ -အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးရှိ ပန်းသာကျေးရွာမှ စစ်ကောင်စီစခန်းကိုလည်း ဇွန်လ ၁၅ရက်နေ့မှစ၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသည်။
ပန်းသာစခန်းသည် စစ်ကောင်စီတပ်နှင့် ပျုစောထီးပူးပေါင်းတပ်စွဲထားခြင်းဖြစ်သည်။တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် ဇွန် ၁၅ ရက်တွင် နှစ်ကြိမ်၊ ဇွန်လ ၁၇ရက်တွင် နှစ်ကြိမ် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပန်းသာရွာတိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးခန့်သေပြီး သေဆုံးသူများတွင် ပန်းသာရွာမှပျူစောထီးခေါင်းဆောင်လည်း ပါဝင်သည်ဟုတမူးမြို့ခံအချို့ကပြောသည်။
