▪︎စစ်ကောင်စီက ၎င်းထိန်းချုပ်မှုအောက်ရှိစီးပွားရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခိုင်း၍ ထွက်ခွာခြင်းဖြစ်
▪︎အသင်းသားများ၏ချေးငွေများ အတိုးရော၊အရင်းပါပြန်မယူတော့ဟုအသိပေး
မြန်မာနိုင်ငံတွင် အအောင်မြင်ဆုံးအသေးစားချေးငွေလုပ်ငန်းဆောင်ရွက်ခဲ့သော Pact Myanmar က ယခုဇွန်လကုန်တွင်မြန်မာနိုင်ငံက ထွက်ခွာတော့မည်ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါတောင်းခံတော့မည်မဟုတ်ကြောင်း Pact Myanmar ကထုတ်ပြန်လိုက်သည်။
စစ်ကောင်စီ၏ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနထိန်းချုပ်မှုအောက်ရှိရမည့် စီးပွားရေးအဖွဲ့အစည်းအဖြစ်ဇွန် ၃၀ ရက်နောက်ဆုံး ပြန်လည်မှတ်ပုံမတင်နိုင်ခြင်းကြောင့် နှုတ်ထွက်ရခြင်းဖြစ်သည်ဟုအသိပေးထားသည်။ Pact Global Microfinance Fund (PGMF)အနေဖြင့် အခြားရွှေးချယ်ရန်နည်းလမ်းမရှိတော့သဖြင့် မြန်မာနိုင်ငံအတွင်းမှ ငွေရေးကြေးရေးလုပ်ငန်းပိတ်သိမ်းရန် စတင်စီစဉ်ရခြင်းဖြစ်သည်ဟုရှင်းလင်းထားသည်။
“ဇွန်လ ၃၀ ရက်နေ့အတွင်း စီးပွားရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်နိုင်ခြင်း မရှိပါက PGMF သည် လက်ရှိလုပ်ငန်းကိုတရားမဝင် လုပ်ဆောင်သကဲ့သို့ ဖြစ်မည် ဖြစ်ပြီး၊ ဝန်ထမ်းများအတွက် အန္တရာယ်ကြီးစွာကြုံတွေ့နိုင်ပါသည်”ဟု ရှင်းလင်းထားသည်။


အသင်းသားများ၏ချေးငွေများကို စုဆောင်းငွေလက်ကျန်များဖြင့် ခုနှိမ့်သွားမည်ဟုအသိပေးထားသည်။အသင်းသားများ၏စုဆောင်းငွေပမာဏသည် ချေးငွေလက်ကျန်ထက် ပိုများနေပါက အသင်းသားများကို ဆက်သွယ်၍ စုဆောင်းငွေများ ပြန်လည်ထုတ်ပေးမည်ဟုဖော်ပြထားသည်။ စုဆောင်းငွေက ချေးငွေလက်ကျန်ထက်နည်းနေပါက ချေးငွေလက်ကျန်ကို ကောက်ခံခြင်းမပြုတော့ဘဲ လျှော်ပစ်မည်ဟုအသိပေးထားသည်။
ထိုကြောင့် ချေးငွေလက်ကျန်ပမာဏကို Pact Myanmar ကိုလည်းကောင်း၊ အခြားသူတစ်ဦးတစ်ယောက်ကိုလည်း ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ပါဟုလည်းအတိအလင်း ထုတ်ပြန်ထားသည်။
“လူကြီးမင်းတို့ရဲ့ စီးပွဦးရေးလုပ်ငန်းများမှာ တိုးချဲ့ဖို့ရယူထားတဲ့ PGMFချေးငွေလက်ကျန်အားလုံးကို ယနေ့ကစပြီး အပြီးအပိုင်လျှော်ပေးကြောင်း ကြေငြာအပ်ပါတယ်။ လူကြီးမင်းတို့ ချေးငွေလက်ကျန်များကို ယခုအချိန်ကပြီး မည်သူတစ်ဦးတယောက်ကမှ လာရောက်တောင်းခံပါက ပေးရန် (လုံးဝ) မလိုအပ်ပါ”ဟု Pact Myanmarက ကြေညာထားသည်။
Pact Myanmar ထွက်ခွာမှုကြောင့် ဝန်ထမ်း ၄၀၀၀ကျော်ကိုလည်း ထိုက်တန်သည့် လျှော်ကြေးပေးအပ်မည်ဖြစ်ကြောင်းသိရသည်။

“ကိုယ်အပါအဝင် အလုပ်ပြုတ်သွားကြတဲ့ ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်အတွက်စိတ်မကောင်းဖြစ်မိပေမယ့်ပြတ်ပြတ်သားသားဆုံးဖြတ်ပြီးအကောင်းဆုံးလုပ်သွားတဲ့Pact Global Microfinance Fund (Pact Myanmar)အတွက်အထူးလေးစားဂုဏ်ယူမိပါတယ်”ဟု ဝန်ထမ်းတစ်ဦးကလည်း ရေးသားထားသည်။
Pact Global Microfinance Fund (PGMF)သည် Pact Myanmarအဖြစ်၁၉၉၇ခုနှစ်တွင် UNDPအစီအစဉ်ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်ဖြင့်ဝင်ရောက်လာခြင်းဖြစ်သည်။ ၂၀၁၂ခုနှစ်တွင် အသေးစားချေးငွေလုပ်ငန်းအဖြစ်ပြောင်းလဲ ကျေးလက်ဒေသကို အတိုးနည်းချေးငွေများ ထုတ်ချေးပေးနေခြင်းဖြစ်သည်။
လက်ရှိတွင် ချေးငွေပေါင်းဒေါ်လာသန်း ၃၆၀ခန့်ရှိပြီး ကျေးလက်ဒေသရှိ လူတစ်သန်းခန့်ကို ချေးငွေများပေးထားသည်။ ထိုထဲမှ အမျိုးသမီးများကို ဒေါ်လာသန်း ၃၀၀ခန့်ချေးငွေများပေးထားခြင်းဖြစ်သည်။
Pact Myanmar အသေးစားငွေချေးလုပ်ငန်းသည် အောင်မြင်ပြီး ကျေးလက်နေပြည်သူများအားထားခဲ့ကြရသည်။
“အိမ်မှာတောင် ငွေပြန်သွင်းရဖို့ ၂ သိန်းရှိသေးတယ် ။ တချို့ဆို များတယ် ။ဆယ် လေး ငါးသိန်း ယူထားတာတွေရှိတယ်။သတင်းတွေတော့ထွက်နေတယ် တစိကယ်နားသွားပြီပေါ့”ဟု Pact Myanmar မှ အသေးစားငွေချေးထားသူတစ်ဦးကပြောသည်။
သို့သော် စစ်ကောင်စီ ဝါဒဖြန့် ဖေစ်ဘွခ်စာမျက်နှာနှင့် တယ်လီဂရန် ချန်နယ်များတွင် Pact Myanmar ထွက်ခွာသွားသည်မှာ NUG လက်အောက်ခံ PDF များက Pact Myanmar ဝန်ထမ်းအချို့ကို ဖမ်းဆီးသောကြောင့်ဖြစ်ကြောင်းရေးသားပြောဆိုဝါဒဖြန့်နေကြသည်။
